(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီး ပွားရေး ပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) အက်မက်စ်ထိပ်သီးအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Grand Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား အလှည့်ကျဥက္ကဌ ခန့်အပ်ကာ တရုတ်က ပွဲထုတ်လာကြောင်း နိုင်ငံရေးလေ့လာသူများက ဝေဖန်ပြောဆိုကြသည်။
“တရုတ်က စစ်ခေါင်းဆောင်ကို ပွဲထုတ်လာပြီ၊ မဲခေါင်ဒေသတွင်း (၅) နိုင်ငံရဲ့ ACMECS ရဲ့ ဥက္ကဌ တင်ပေးလိုက်ပြီ၊ တရုတ်နဲ့အလွမ်းသင့်တဲ့ အာဆီယံနိုင်ငံခေါင်းဆောင်တွေနဲ့ ဘယ်လို ဆက်ကစားသွားမလဲ၊ အာဆီယံပဲ နှစ်ခြမ်းကွဲနေပြီသဘောလား စောင့်ကြည့်ဖို့လိုတယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာ့ရေးနိုင်ငံရေးစောင့်ကြည့်သူတစ်ဦးက ဆိုသည်။
အက်မက်စ်အစည်းအဝေးသို့ တရုတ်ဝန်ကြီးချုပ် Li Qiang၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် H.E. Ms. Paetongtarn Shinawatra၊ ကမ္ဘောဒီးယားနိုင်ငံ ၀န်ကြီးချုပ် H.E. Mr. Hun Manet၊ ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် H.E. Mr. Pham Minh Chich ၊ လာအိုနိုင်ငံဝန်ကြီးချုပ် H.E. Mr. Sonexay Siphan done၊ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များနှင့် အဆင့်မြင့်အရာရှိကြီးများ၊ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
မဲခေါင်ဒေသတွင်း (၅) နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် ဧရာဝတီ – ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)၏ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စတင်တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ရာ လက်ရှိဥက္ကဋ္ဌဖြစ်သည့် လာအိုဝန်ကြီးချုပ်က အခန်းအနားတွင် လွဲပြောင်းပေးအပ်ခဲ့သည်။
(၁၀) ကြိမ်မြောက် ဧရာဝတီ- ကျောက်ဖရား- မဲခေါင် စီးပွားရေးပူးပေါင်း ဆောင် ရွက်မှု မဟာဗျူဟာ (အက်မက်စ်) ထိပ်သီးအစည်းအဝေး ကို မဲခေါင် နိုင်ငံများ၏ နယ်စပ်ဒေသများတွင် ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ပြီး ဖွံ့ဖြိုးတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာစေရန်၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အခွင့်အလမ်း ပိုမိုကောင်းမွန်သည့် ဒေသများသို့ ပြောင်းရွှေ့ရာ၌ အထောက်အကူပြုရန်၊ အလု ပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးပြီး အဖွဲ့ဝင်နိုင်ငံများအကြား ဝင်ငွေကွာဟမှုကို လျှော့ချရန်နှင့် အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ညီတူညီမျှသာယာဝ ပြောရေးတို့ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေသည့် နည်းလမ်းဖြင့် တိုးမြှင့် ဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး လာမည့် အက်ခ်မက်ထိပ်သီး အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ဧရာဝတီ – ကျောက်ဖရား -မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (အက်မက်စ်)ကို လွန်ခဲ့သည့် ၂၀၀၃ ခုနှစ်က မြန်မာနိုင်ငံ ၊ ပုဂံမြို့တွင် စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး လက်ရှိတွင် (၂၁) နှစ် ရှိပြီဖြစ်ကာ အဖွဲ့ဝင် (၅) နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို (၄) နှစ်တစ်ကြိမ် တာဝန်ယူကြခြင်း ဖြစ်သည်။
Photo- ACMECS (အက်မက်စ်) ထိပ်သီးခေါင်းဆောင်များ