ထိုင်းနိုင်ငံတွင် နိုဝင်ဘာလ ပထမအပတ်အတွင်း တရားမဝင်မြန်မာလုပ်သား ၂၀၀ ကျော်ကို ထိုင်းလဝကနှင့် အာဏာပိုင်တို့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
တရားမဝင်နိုင်ငံခြားသား နှိမ်နှင်းရေးစီမံချက်အရ ခရိုင် ၂၅ ခုရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ အဓိက စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မြန်မာအပါအဝင်၊ လာအိုနှင့် ကမ္ဘောဒီးယားရွှေ့ပြောင်းလုပ်သားများပါဝင်ကြောင်း အလုပ်သမားအေဂျင်စီ လုပ်ကိုင်နေသူများက ပြောကြားသည်။
“ထိုင်းသတင်းအရတော့ ထရက်၊ ချန်တဘူရီ၊ ကန်ချနဘူရီခရိုငတွေပါတယ်၊ ခရိုင် ၂၅ ခုက ဆောက်လုပ်ရေးလုပ်တဲ့ နေရာတွေကိုပဲ အဓိကစစ်သွားတာ၊ ဖမ်းတာတော့ ဆက်တိုက်ပဲ၊ လဆန်းပိုင်းတုန်းကလည်း မြန်မာ ၁၀၀ ကျော်ဖမ်းဆီးခံခဲ့ရပြီးပြီ၊ ဆက်ဖမ်းလိမ့်မယ်လို့ ယူဆရတယ်၊ ဖမ်းနေပေမယ့် တရားမဝင်အပေါက်က ဝင်လာတဲ့သူတွေက ခုထိမကုန်သေးဘူး ” ဟု ထိုင်းနိုင်ငံအတွင်း အလုပ်သမာအေဂျင်စီလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံမှ အထွေထွေ အကျပ်အတည်းများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြသူများအနေဖြင့် အခက်အခဲများကြုံနေကြရကြောင်း၊ ၄င်းတို့အား အခက်အခဲမရှိနေထိုင်နိုင်ရေးအတွက် နေထိုင်ခွင့်အထောက်အထား ပန်းရောင်ကတ်ထုတ်ပေးရာတွင် အမျိုးအစားခွဲခြားပြီးထုတ်ပေးရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူထံ တင်ပြထားသည်ကို သိရှိရကြောင်း မြန်မာအလုပ်သမားရေးဆောင်ရွက်နေသူတစ်ဦးက ပြောကြားသည်။
“အလုပ်လုပ်ဖို့လာရောက်သူတွေအပြင် နိုင်ငံရေးကြောင့်၊ စစ်ဘေးကြောင့်တိမ်းရှောင်လာရသူတွေ၊ နောက် အဆက်အသွယ်နဲ့ အခြားနိုင်ငံတစ်ခုခုကို ထွက်သွားမယ့်သူတွေလည်းရှိတော့ သူတို့အတွက်အခက်အခဲမရှိအောင် ကတ်အမျိုးစားခွဲပြီး ထုတ်ပေးဖို့တင်ပြထားတယ်၊ အထောက်အထားမဲ့တွေကို ဖမ်းဆီးတာအပြင်ပေါ့၊ အားလုံးနည်းမှန်လမ်းမှန်ဖြစစေဖို့ အမျိုးအစားအလိုက် အထောက်အထားနဲ့ အသိအမှတ်ပြုကတ်တွေ မြန်မြန်လေးထုတ်ပေးဖို့လည်း တင််ပြထားပါတယ် ” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်နေ့က ပြုလုပ်သည့် ထိုင်းအစိုးရအဖွဲ့ဝန်ကြီးများအစည်းဝေးတွင် မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားအလုပ်သမားများအား ပန်ရောင်ကတ်ပြုလုပပေးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထိုင်းအစိုးရက တင််ပြခဲ့ပြီးဖြစ်သော်လည်း ဆက်လက်ဖမ်းဆီးမှုများ ဆောင်ရွက်နေဆဲဖြစ်သည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနထုတ်ပြန်ချက်အရ တရားမဝင်ဖမ်းဆီးရေးရက်ပေါင်း ၁၂၀ စီမံချက်ဖြင့် ဇွန်လ ၅ ရက်နေ့မှ စက်တင်ဘာလ ၁၉ ရက်နေ့အထိ တရားမဝင်လာရောက်လုပ်ကိုင်ကြသည့် မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများမှ ရွှေ့ပြောင်းအလုပ်သမား ၂၅၆,၂၁၃ ဦးဖမ်းဆီးရမိခဲ့ပြီးနောက် ယနေ့အထိ ထောင်နှင့်ချီသော ဖမ်းဆီးမှုများ ဆက်လက်ဖမ်းဆီးခဲ့ပြီးဖြစ်သည်ဟု သိရသည်။