ရခိုင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး လူ ၂ သန်းကျော် အငတ်ဘေး ကျရောက်နိုင်ကြောင်း နိုဝင်ဘာ ၇ ရက်က ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃-၂၀၂၄ ခုနှစ်အတွင်း ကောက်ယူရရှိထားသည့် အချက်အလက်များအရ အရေးပါသည့် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆောက်လုပ်ရေး အပါအဝင် အရေးပါသည့် ကဏ္ဍများနှင့် ပြည်တွင်းပြည်ပ ကုန်သွယ်မှုအားလုံး ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည့်အတွက် ပြည်နယ်အတွင်း လူဦးရေ ၉၅ ရာခိုင်နှုန်းခန့်ကို အန္တရာယ် ကျရောက်စေနိုင်ကြောင်း ဖော်ပြထားသည်။
“ပြီးခဲ့တဲ့နှစ်ကတည်းက ပြည်မနဲ့ ရခိုင်နဲ့က အတော်များများ အသွားအလာ မရှိကြတော့ဘူး။ လေယာဉ်နဲ့လွဲပြီတော့ပေါ့၊ နောက်ပိုင်း ရန်ကုန်မှာတောင် ရခိုင်ကားဂိတ်တွေ မရှိတော့ဘူး၊ ပြဿနာက ဘယ်ကမှ အကူအညီ လိုသလိုတွေ မရနေဘူး။ စားသောက်ရေးထက် ခုက တိုက်ပွဲတွေ များလာတာကြောင့် နေထိုင်ရေးပါ အခက်အခဲရှိလာတယ်၊ နှစ်ဖက်လုံးကတော့ ဒါတွေကြည့်စေချင်တယ်” ဟု ရန်ကုန်-စစ်တွေ ယာဉ်မောင်းလုပ်ကိုင်ခဲ့သူတစ်ဦးက ပြောသည်။
လတ်တလော ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ စစ်ဘေးရှောင်ဒုက္ခသည် ၆ သိန်းကျော်ရှိပြီး လက်ရှိတွင် ဒုက္ခသည်အများစုမှာ အငတ်ဘေးဖြင့် ရင်ဆိုင်ကြုံ တွေ့ နေကြောင်း စစ်ရှောင်များက ပြောဆိုကြသည်။
ထို့အပြင် လာမည့်နှစ် ဧပြီလနှင့် မေလအတွင်း ရခိုင်ပြည်နယ်တွင် စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှုအနေဖြင့် လူဦးရေလိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်းကိုသာ ဖူလုံနိုင်စေမည် ဖြစ်သည့်အတွက် ရခိုင်ပြည်သူများအနေဖြင့် လာမည့်လများတွင် ပိုမိုဆိုးရွားသည့် အခြေနေများ ရှိလာနိုင်ကြောင်း အဆိုပါ UNDP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက် လွန်ခဲ့သည့်တစ်နှစ်အတွင်း ဆန်စပါးဈေးနှုန်း၊ စက်သုံးဆီ အပါအဝင် သယ်ယူပို့ဆောင်ရေး စရိတ်များ လွန်ကဲစွာ မြင့်တက်လာခြင်းက အဆိုးဆုံး အခြေအနေတစ်ရပ် ဖြစ်ကြောင်းလည်း UNDP က ပြောဆိုထားသည်။
အလားတူ မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကချင်ပြည်နယ်နှင့် ရှမ်းမြောက်တို့တွင် တရုတ်နယ်စပ်ပိတ်ထားမှုကြောင့် ဓါတ်ဆီတစ်လီတာလျှင် ကျပ်တစ်သောင်းအထိ စျေးဖြစ်ပေါ်နေပြီး ကုန်စျေးနှုန်းအားလုံးရှားပါးလာကာ စျေးနှုန်းကြီးမြင့်နေကြောင်း ဒေသခံများထံက သိရသည်။
Photo-ရခိုင်ဒေသအခြေအနေ