ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့အတွင်း ယမန်နေ့ ညပိုင်းက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ၊ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာလ (၅) ရက်နေ့ ည (၇) နာရီအချိန်ခန့်က သိမ်ဇရပ်မြို့၊ မြရတနာရပ်ကွက်ရှိ ဘုန်းကြီးကျောင်းအနီးသို့ လက်နက်ကြီကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း နှင့် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းအနီးရှိ နေအိမ်မှ ဒေါ်ခင်မြင့် ဆိုသူအမျိုးသမီးတစ်ဦးမှာ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာရရှိခဲ့ကာ သေဆုံးခဲ့ကြောင်းမြို့ခံတစ်ဦးက ပြောကြားသည်။
“နောက်ထပ် ဒေါ်ခင်မြင့်ရဲ့ မြေးဖြစ်သူ အသက် (၁၇) နှစ်အရွယ် မလဲ့လဲ့စံ မှာလည်း ဘယ်ဘက်လက်နဲ့ ပေါင်မှာ လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သူ မလဲ့လဲ့စံ မှာ သိမ်ဇရပ်မြို့ရှိ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်းလည်း ၎င်းကဆိုသည်။
သိမ်ဇရပ်မြို့ရှိ စစ်ကောင်စီတပ်စခန်းများရှိရာ အနီးဝန်းကျင်ရှိ ရပ်ကွက်နှင့် ကျေးရွာများအတွင်း လက်နက်ကြီးများ မကြာခဏကျရောက်ပေါက်ခဲ့ကြောင်းလည်း သိမ်ဇရပ်မြို့ခံပြည်သူများ၏ ပြောကြားချက်များအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီမှ တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးတွင် အမျိုးသမီး (၇၁) ဦးသေဆုံးခဲ့ပြီး (၄၄) ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က နိုဝင်ဘာလ (၅) ရက်နေ့က ထုတ်ပြန်ထားသည်။
Photo-လက်နက်ကြီးဒဏ်ခံရသူ
လူ့အခွင့်အရေး
တိုက်ပွဲ
လက်နက်ကြီးကျရောက်ပေါက်ကွဲ
အမျိုးသမီးတစ်ဦးသေဆုံး
ဒေါ်ခင်မြင့်
မလဲ့လဲ့စံ