မွန်ပြည်နယ်တွင် မြို့နယ်တစ်ခုတည်း မာရှယ်လောအထုတ်ခံထားရသည့် ရေးမြို့နယ်အတွင်းရှိ လုပ်ငန်းရှင်များထံက စစ်ကောင်စီတပ် နှင့် ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးဌာနများမှ ငွေကျပ်သိန်းနှင့်ချီကာ လစဥ်တောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။
ခရိုင်အတွင်းရှိ ရာဘာ၊ ကွမ်းသီး၊ ငါးဖမ်းလုပ်ငန်း၊ ပို့ဆောင်ရေး စသည့်လုပ်ငန်းများအား အသင်းအဖွဲ့ ဖွဲ့စည်းစေပြီး မှတ်တမ်းရယူထားကာ လစဉ်ငွေကြေးများပေးဆောင်နေရသည်ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“သူတို့က လုပ်ငန်းရှင်တွေ လုပ်ငန်းအဆင်ပြေချောမွေ့ဖို့ အသင်းအဖွဲ့တွေ ဖွဲ့ခိုင်းတယ်၊ အဲဒီအတွက် လုပ်ငန်းက သူတို့ကို တင်ပြနေရတာနဲ့ပဲ ကြန့်ကြာသလို အသင်းနဲ့ဘာနဲ့ဖြစ်လာပြီဆိုရင်တော့ မှတ်တမ်းတွေကအစ တောင်းတယ်၊ လစဉ်လိုလို သူတို့ လိုအပ်လာရင် လိုအပ်သလို ငွေကြေးတောင်းပါတယ်၊ လုပ်ငန်းအလိုက် ကြီးတဲ့လုပ်ငန်းစုဆို သိန်းသုံးလေးဆယ်လောက် တောင်းတယ်၊ ငါးလုပ်ငန်းတို့လိုပေါ့၊ ကျန်တဲ့လုပ်ငန်းတော့ အဲဒီလောက် မများဘူး၊ တပ်ရော ဌာနဆိုင်ရာရော တောင်းတာပဲ” ဟု ရေးမြို့နေ လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ထို့ပြင် ငွေကြေးသာမက ငါးလုပ်ငန်းလုပ်ကိုင်သူများနှင့် သားသတ်လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စစ်ကောင်စီက သတ်မှတ်ထားသည့် ကိုယ်စားလှယ်များဖြင့် နေ့စဉ် သားငါးများကို ပြင်ပပေါက်ဈေးထက် နိမ့်ကျသည့်ဈေးဖြင့် စကခ (၁၉) သို့ ပေးပို့ရကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
လုပ်ငန်းရှင်များအနေဖြင့်မူ ယင်းသို့တောင်းခံနေမှုအပေါ် ကျေနပ်မှုမရှိသော်လည်း လုပ်ငန်းရှင်များအပေါ် ဥပဒေကြောင်းအရ ခြိမ်းခြောက်ပြောဆိုပြီးတောင်းခံခြင်းများကြောင့် သက်ဆိုင်ရာပြည်နယ်အဆင့်တာဝန်ရှိသူများက ဖြေရှင်ပေးစေလိုနေကြောင်း သိရသည်။
အလားတူ မော်လမြိုင်မြို့ပေါ်၌ ပြည်သူ့စစ်နှင့် ပျူစောထီးအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ဝင်တို့သည် မော်တော်ဆိုင်ကယ် ဦးထုတ်စစ်ဆေးခြင်း၊ နံပါတ်ပြား စစ်ဆေးခြင်း၊ ယာဉ်မောင်းလိုင်စင် စစ်ဆေးခြင်းအပြင် ယာဉ်ထိန်းအလုပ်ကို လုပ်ဆောင်နေပြီး မော်တော်ဆိုင်ကယ်နှင့် ယဥ်မောင်းသမားများထံမှ ငွေတောင်းခံခဲ့ကြောင်း နစ်နာသူများက ပြောကြားသည်။
ထို့အပြင် လုံခြုံရေးအကြောင်းပြပြီး အုပ်ချုပ်ရေးမှူးပေါင်းကာ ဧည့်စာရင်းစစ်၍ ဒဏ်ငွေရိုက်ခြင်း၊ မြို့ပေါ်လှည့်လည်စစ်ဆေးခြင်း၊ လူအများ မထင်မှတ်သည့်နေရာတွင် ယာဥ်များ ရပ်တန့်စစ်ဆေးပြီး ငွေတောင်းခံနေကြောင်း သိရသည်။