မွန်ပြည်နယ်အတွင်း ရာဘာအစေးခြစ် ရာသီရောက်နေပြီဖြစ်သော်လည်း လုပ်သားရှားပါးမှုကြောင့် ခြံပိုင်ရှင်များ အခက်တွေ့နေကြောင်း သိရသည်။
လုံခြုံရေး စိုးရိမ်ရခြင်း၊ ပြည်ပသွားရောက်လုပ်ကိုင်သူ များပြားခြင်းတို့ကြောင့် အစေးခြစ်လုပ်သားရရှိရန် အခက်အခဲဖြစ်နေကြောင်း သံဖြူဇရပ်မြို့နေ ခြံပိုင်ရှင်တစ်ဦးက ပြောကြားသည်။
”အလုပ်သမားမရှိရင် ခြံရှင်တွေက ဘာမှ လုပ်လို့မရတော့ဘူး၊ သူတို့ကို မိသားစုအလိုက် ပံ့ပိုးပေးပြီး ရာသီပိတ်ချိန်ပါ ကျွေးမွေးစောင့်ရှောက်ထားတဲ့ ခြံရှင်ကြီးတွေပဲ လုပ်သားမြဲတဲ့ အနေအထား တွေ့ရတယ်၊ နယ်မြေလုံခြုံရေး၊ ပြီးတော့ ပြည်ပကိုပဲ ထွက်သွားလိုက်ကြတာ။ အဲဒီလို အခြေအနေတွေကြောင့် ပိုပြီးတော့ ခက်ခဲသွားတယ်၊ ပဲခူး နဲ့ ဧရာဝတီက လုပ်သားတွေကို အဓိက ခေါ်သုံးရတာ၊ သူတို့က နယ်မြေအနေအထားကိုပဲ ကြည့်ပြီး လိုက်ကြတော့တာ။ ရာသီအစပေမယ့် လက်ရှိ ရာဘာခြံ သုံးပုံတစ်ပုံလောက်က လုပ်သားခက်ခဲနေဆဲပဲ” ဟု အဆိုပါ ခြံရှင်က ပြောသည်။
ထို့အတူ မာရှယ်လော ထုတ်ခံထားရသည့် ရေးခရိုင်အတွင်း လုံခြုံရေး အထူးစိုးရိမ်ရပြီး တပ်ထောက်ခံစာပါ လုပ်နေရသောကြောင့် ရာဘာခြံ ၉၀ ရာခိုင်နှုန်းခန့်မှာ အစေးခြစ်သမားများ ရှာဖွေ၍ မရသဖြင့် ယခုနှစ် ရာဘာအထွက်နှုန်း ကျဆင်းလာဖွယ်ရှိကြောင်း ရာဘာကုန်သည်များက ခန့်မှန်းကြသည်။
” ရော်ဘာခြစ် လုပ်သားထက် ကျွမ်းကျင်လုပ်သား ရှားပါးလာတယ်ပေါ့၊ ခုဆို ရေးမြောက်ပိုင်းမှာ ရာဘာခြစ် လုပ်သားတွေကို တပ်က ထောက်ခံစာတွေ လုပ်ခိုင်းတယ်၊ လုပ်သားတွေက ရှုပ်လို့ မလာချင်ကြတော့ဘူး၊ နောက်ပြီး လုပ်သားမွေးထားပြီး ခြစ်လို့ရတဲ့ အဆင်ပြေတဲ့ ခြံရှင်တွေကလည်း နည်းလာသလို ရာသီဥတုကလည်း အနှစ်မိုးက ရွာဆဲဆိုတော့ အထွက်နှုန်းကတော့ ကျမှာပဲ။ ခြစ်လို့ရတဲ့ ခြံတွေကလည်း လုံခြုံရေး သတင်းကိုပဲ နားစွင့်ပြီး ခြစ်နေကြရတယ်။ နောက်တစ်ခုက ခြံရှင်တွေဆီက ထွက်လာတဲ့ ရော်ဘာတွေကို လမ်းက အဆင့်ဆင့် ငွေတောင်းတာ၊ ကုန်သည်တွေ တင်ပို့တာကို ငွေတောင်းတာ၊ ပါမစ်တောင်းတာတွေက ရှိလာလို့ ရာဘာဈေးက ကောင်းလာပေမယ့်လည်း ခြံရှင်တွေအတွက်တော့ နစ်နာမှုရှိနေတယ်” ဟု ရေးမြို့နေ ရောဘာကုန်သည်တစ်ဦးက ပြောသည်။
ထို့အပြင် ညဘက်တွင်သာ ရာဘာအစေးခြစ် လုပ်ကိုင်ရခြင်းဖြစ်၍ ဒေသအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်မှုကြောင့်လည်း ရာဘာခြစ်သမားတို့သည် အသက်အန္တရာယ် အလွန်စိုးရိမ်နေရကြောင်း အလုပ်သမားများက ပြောသည်။
စိုက်ပျိုးရေးဦးစီးဌာန မှတ်တမ်းများအရ မွန်ပြည်နယ်အတွင်း ရာဘာစိုက်ဧက ၅ သိန်းနီးပါးရှိသည့်အနက် ရေးခရိုင်တွင် ဧကတစ်သိန်းခွဲခန့် စိုက်ပျိုးပြီး ပြည်နယ်အတွင်း ရာဘာအများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်ကြောင်း သိရသည်။