စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း မြန်မာနိုင်ငံတဝှမ်းလုံးတွင် အမျိုးသမီး (၇၁) ဦးသေဆုံးကာ (၄၄) ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မှ နိုဝင်ဘာ (၅) ရက်နေ့က ထုတ်ပြန်ချက်အရ သိရသည်။
အမျိုးသမီး (၇၁) ဦးသေဆုံးခဲ့သည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး စစ်ကောင်စီမှ အရပ်သားပြည်သူများနေထိုင်ရာ နေအိမ်နှင့် ရပ်ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူ (၉) ဦး၊ အကြောင်းမဲ့ သတ်ဖြတ်မှုများကြောင့် သေဆုံးသူ (၁၀) ဦး၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့်သေဆုံးသူ (၄၅) ဦး၊ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် သေဆုံးသူ (၂) ဦး၊ ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် (၁) ဦး၊ ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် သေဆုံးသူ (၄) ဦးရှိခဲ့ကြောင့် မြန်မာအမျိုးသမီးသမဂ္ဂ (BWU) ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
အမျိုးသမီးများ သေဆုံးမှုအများဆုံးမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့ပြီး (၂၅) ဦးအထိ သေဆုံးခဲ့ပြီး အေက်တိုဘာလအတွင်း အမျိုးသမီးများ အသက်သေဆုံးမှု အများဆုံး တိုင်းဒေသကြီးဖြစ်ခဲ့ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း အမျိုးသမီးများ ဒုတိယအများဆုံး သေဆုံးမှုဖြစ်ပွားခဲ့ပြီး (၂၂) ဦးအထိ သေဆုံးခဲ့ကြောင်း ဆိုထားသည်။
ထို့အပြင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ ဒရုန်းဖြင့်တိုက်ခိုက်မှုများ၊ မြေမြှုပ်မိုင်း နှင့် တိုက်ပွဲများအတွင်း ပစ်ခတ်ခံရခြင်းများ၊ မီးရှို့ခံရခြင်းများကြောင့် အမျိုးသမီး (၄၄) ဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့်အပြင် မြန်မာအမျိုးသမီးသမဂ္ဂ (BWU) မှ မြေပြင်သတင်း အချက်အလက်များ ကောက်ယူမှုအရ အခြားအမျိုးသမီး (၅) ဦးမှာလည်း ပဋိပက္ခနှင့် ဆက်နွယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
စစ်ကောင်စီက လူ့အခွင့်အရေးချိုးဖေက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက်ကျူးလွန်နေခြင်းကြောင့် အမျိုးသမီးများသည်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများအပြင်၊ အခြားသော လူ့အခွင့်အရေးချိုးဖေါက်မှုများနှင့် နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေမှုများ ရှိနေကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ဆိုသည်။
Photo-၂၀၂၄ အောက်တိုဘာလအတွင်း အမျိုးသမီးများဆိုင်ရာအချက်အလက်