မွန်ပြည်နယ် ယခုနှစ်ပင်လယ်ငါးဖမ်းလုပ်ငန်းရာသီအစ တစ်လအတွင်း ရေးမြို့နယ်ပင်လယ်ပြင်၌ လူသတ်မှု ၃ ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လူသတ်မှု ၃ မှုတွင် လူ ၂ ဦးသေဆုံးခဲ့ရပြီး တစ်ဦးမှာ ဒဏ်ရာြပင်းထန်ကြောင်းနှင့် ရေလုပ်သားတစ်ဦးနှင့် ဖောင်ဦးစီးတစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများထံက သိရသည်။
” မကျေနပ်လို့ ဖောင်မှာ အချင်းချင်းဓါးနဲ့ခုတ်ကြတာ၊ ဖြစ်တာကတော့ နေရာ ၃ ခုမှာ မှုခင်း ၃ ခုဖြစ်တယ်၊ ၂ ယောက်သေ၊ ၂ ယောက်ပြင်းထန်ဒဏ်ရာပေါ့၊ နှစ်စဉ်ဖြစ်နေကြပေမယ့် ခုကတော့ တစ်လအတွင်း ၃ ခု ဖြစ်သွားတာပေါ့ ” ဟု အဆိုပါတာဝန်ရှိသူက ပြောကြားသည်။
မွန်ပြည်နယ်အတွင်း နှစ်စဉ် ပင်လယ်ပြင်အတွင်း လူသတ်မှု ၂၀ ခန့်ဖြစ်ပွားခဲ့ပြီး သေဆုံးဒဏ်ရာရသူပေါင်းမှာ ၅၀ နီးပါးခန့်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။
အစိုးရဌာနအဖွဲ့အစည်းအသီးသီး၏ အဆင့်ဆင့်ကြပ်မတ်ကွပ်ကဲမှုအားနည်းခြင်း၊ လူကုန်ကူးခံရပြီး ပင်လယ်ပြင်အတွေ့အကြုံမရှိဘဲ အလုပ်လုပ်ကိုင်ရခြင်း၊ တရားမဝင်လုပ်ကိုင်နေကြသည့် လုပ်ငန်းရှင်များ၏ ဥပဒေပြင်ပဆောင်ရွက်ခြင်းတို့ကြောင့် ယခုကဲ့သို့ ဖြစ်ပွားနေရခြင်းဖြစ်ကြောင်း မွန်ပြည်နယ်မှ ပဲ့နင်းကြီးအဖြစ် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးက ပြောကြားသည်။
” ခုဆို ရေလုပ်သားကို ပဲ့နင်းက လုပ်လိုက်လို့ထက် ရေလုပ်သားတွေက ပဲ့နင်းကိုပြန်ပြီးသတ်တာတွေလည်း ကြားလာရပြီ၊ ပင်လယ်အတွေ့အကြုံမရှိသူတွေ၊ ကြိုတင်ငွေထုတ်ပြီး ပွဲစားယူလိုက်၊ သုံးဖြုန်းလိုက်နဲ့ကုန်ပြီး ပင်လယ်ထဲရောက်လို့ အလုပ်မှာမပျော်ဖြစ်ပြီး လုပ်ချင်ရာလုပ်သူတွေ၊ ပင်လယ်အနေကြာတော့ စိတ်ကျန်းမာရေးထိခိုက်တာတွေ၊ ပဲ့နင်းနှိပ်စက်လို့ ပြန်သတ်သူတွေ နှစ်တိုင်းကြုံနေရတာ၊ ကြပ်မတ်သင့်ပြီ၊ ဘယ်လိုကြပ်မတ်ရမလဲဆိုတော့ Check point နဲ့ စိစစ်လိုက်မယ်ဆိုရင် ပြစ်မှုဖြစ်စဉ်တွေနည်းလာမယ်၊ ပင်လယ်သယံဇာတတွေထုတ်ယူတဲ့နေရာမှာလည်း စနစ်တကျပိုဖြစ်လာမယ်၊ ခုဟာက ပင်လယ်ငါးဖမ်းလုပ်ငန်းကို ရေတပ်ကပဲ စစ်ဆေးနေတဲ့သဘောကိုတွေ့ရတယ်၊ လိုအပ်တဲ့အဖွဲ့အစည်းတွေစနစ်တကျစုဖွဲ့ပြီး Check point ထားပြီး စစ်ဆေးမယ်ဆိုရင် ယခုထက်ပိုပြီး အစစအရာရာကောင်းမွန်လာမယ်လို့ထင်တယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၉ ခုနှစ်က စစ်ဆေးသည့်ဂိတ်များကို တိုးချဲ့ဖွင့်လှစ်၍ တရားမဝင်ငါးဖမ်းရေယာဉ်၊ ကျားဖောင်နှင့် ရေလုပ်သားများကို စိစစ်ပြီး ကြပ်မတ်ထိန်းကျောင်းနိုင်ရေး၊ သက်ဆိုင်သည့်ဌာနများတွင် ဝန်ထမ်းများ တိုးချဲ့ခန့်ထားရေး၊ ရေယာဉ်အပါအဝင် အထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ တိုးချဲ့ထားရှိရေး၊ ရေလုပ်သားများအား လုပ်ငန်းမဝင်မီလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်းဖွင့်လှစ်သင်ကြားပေးနိုင်ရေး၊ ကျန်းမာရေးဆေးစစ်ခြင်း၊ ကွင်းဆင်းလေ့ကျင့်ခြင်း၊ ရေလုပ်သားအသိအမှတ်ပြုကတ်ပြားထုတ်ပေးခြင်း၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူစာချုပ်ကို အစိုးရဌာနအဖွဲ့အစည်းများ၏ ကြီးကြပ်မှုဖြင့် စနစ်တကျ ချုပ်ဆိုစေခြင်းနှင့် လုပ်ငန်းရာသီကုန်ဆုံး၍ ပြန်လာသောရေလုပ်သားများ၏ ကျန်းမာရေးစစ်ဆေးခြင်းအပါအဝင် ပြန်လည်ထူထောင်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရေး၊ အဆိုပါလုပ်ငန်းအား စနစ်တကျ ကြပ်မတ်ထိန်းကျောင်းနိုင်သည့်စနစ် Control Mechanism တစ်ရပ် ထူထောင်နိုင်ရေး စသည်ဖြင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အကြံပြုခဲ့သော်လည်း ယခုတိုင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။