ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော် လမ်းဟောင်းအပါအဝင် အခြားလမ်းကြောင်းများမှ ကုန်တင်ယာဉ် နှင့် ခရီးသည်တင်ယာဉ်များ သွားလာနိုင်ပြီးဖြစ်သော်လည်း လမ်းကြေးအဆမတန် ပေးဆောင်နေရသည့်အတွက် ကုန်ကျစရိတ် များပြားနေကြောင်း ယာဉ်မောင်းများနှင့် ကုန်သည်များ၏ ပြောကြားချက်အရ သိရသည်။
လက်ရှိတွင် မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းမှ ကုန်တင်ယာဉ်များ သွားလာလျှက်ရှိပြီး၊ ထို့ကော်ကိုးလမ်း၊ ၁၀၁၈ – လမ်း နှင့် ကြက်ဥတောင်လမ်းကြောင်းများတွင် ခရီးသည်တင်ယာဉ်များ သွားလာလျက်ရှိကြောင်း ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။
ခရီးသည်တင်ယာဉ်မောင်းတစ်ဦးက “မြဝတီ – ရန်ကုန်၊ မြဝတီ – မော်လမြိုင်၊ မြဝတီ – ဘားအံ စသဖြင့် ခရီးသည်တင်ယာဉ်တွေ နေ့စဉ် ပုံမှန်သွားလာနေကြပြီဖြစ်ပါတယ်။ မြဝတီကနေ သာမညအထိကို 4 wheel Vego အမျိုးအစားယာဉ်တွေနဲ့ ထို့ကော်ကိုးတို့၊ ၁၀၁၈ – လမ်းတို့ကနေ သွားတယ်။ သာမည ရောက်ရင်တော့ ကားချိန်းပြီးတော့ ရန်ကုန်၊ မော်လမြိုင်၊ ဘားအံ စသဖြင့် ဆက်သွားကြတယ်။ အဲဒီလိုပုံစံမျိုးနဲ့ သွားလာနေကြပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မိုးရာသီကာလအတွင်းက မြဝတီ – ရန်ကုန် ယာဉ်စီးခမှာ ကျပ် (၁၈၀၀၀၀) မှ ကျပ် (၂၀၀၀၀၀) အထိ ရှိခဲ့သော်လည်း ယခုအခါတွင် ယာဉ်စီးခမှာ (၁၅၀၀၀၀) ကျပ်သို့ လျော့ကျလာကြောင်းနှင့် လမ်းတလျောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ၏ ဂိတ်များအား ကျပ် (၅) သိန်းကျော် လမ်းကြေးပေးရကြောင်း ၎င်းက ဆိုသည်။
အလားတူ မြဝတီ – ကော့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်း ပေါ်မှ ကုန်တင်ယာဉ်များ သွားလာလျှက်ရှိပြီး၊ လမ်းကြောင်းတလျှောက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံ၏ ဂိတ်ပေါင်း (၅၀) ကျော်အား ဂိတ်ကြေးပေးကာသွားလာလျက်ရှိကြောင်း ကုန်တင်ယာဉ်မောင်းများနှင့် ကုန်သည်များ၏ ပြောကြားချက်များအရ သိရသည်။
မြဝတီမြို့ဘက်မှ ဝှေ့ရှမ်းကျေးရွာ မဲပလဲ့တံတားဘက်မှ ဒေါနတောင်လမ်းဟောင်းအတိုင်း ထီလုံလမ်းကြောင်းမှ သွားလာပါက လမ်းတွင် ဂိတ်ပေါင်း (၅၂) ကျော်ရှိကြောင်း ကုန်သည်တစ်ဦးက ပြောကြားသည်။
၎င်းက “အဲ့ဒီဂိတ်တွေမှာ လက်ဖက်ရည်ဖိုးလောက်ဘဲ ပေးပြီးဖြတ်လို့ရတဲ့ ဂိတ်ကစလို့၊ လမ်းပြင်ဖို့တို့၊ လုံခြုံရေးတို့၊ တံတားဂိတ်တို့ အများကြီးရှိတယ်။ ကုန်ပါတဲ့ ကုန်တင်ယာဉ်တစ်စီးကို အနည်းဆုံး ကျပ်သိန်း (၅၀) ကျော် ကုန်ကျတယ်။ အဲ့ဒီတော့ ထိုင်းဘတ်ငွေဈေးကျပေမယ့် ကုန်ပစ္စည်းတွေ ဈေးမကျတာက လမ်းကြေးအများကြီးပေးနေကြရလို့ပါ” ဟု ပြောကြားသည်။
ထို့အပြင် ဘားအံ၊ မော်လမြိုင် နှင့် ရန်ကုန် – ပဲခူးလမ်းကြောင်းတလျှောက်တွင်လည်း စစ်ကောင်စီ၏ လုံခြုံရေးဂိတ်များ၊ အခြားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဂိတ်များကိုလည်း ဂိတ်ကြေးများပေးရသည့်အပြင်၊ အခန့်မသင့်ပါက ဖမ်းဆီးရေးအဖွဲ့များနှင့် တွေ့ဆုံလျှင် ကုန်ပစ္စည်းများ ဖမ်းဆီခံရမှုများလည်း ရှိကြောင်း ၎င်းကုန်သည်က ဆိုသည်။
၂၀၁၆ ခုနှစ်အတွင်းက ဖွင့်လှစ်ခဲ့သည့် မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းအချိန်က စစ်ကောင်စီတပ်နှင့် KNU/KNLA/KNDO/PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယင်း မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်အား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ဖြတ်သန်းသွားလာခွင့် ပိတ်ထားခဲ့သည်။
ထို့ကြောင့် မြဝတီမြို့ဘက်မှ ကော့ကရိတ်မြို့ဘက်သို့ သွားလာရန်အတွက် ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ ထိန်းချုပ်ထားသည့် ဒေါနတောင်ကျော်လမ်းများဖြစ်ကြသော မြဝတီ – ကျော်ခို့ – ထို့ကော်ကိုးလမ်း၊ ၁၀၁၈ လမ်း၊ သစ်ကတေ – ကြက်ဥတောင်လမ်းတို့မှ သွားလာနေကြရကြောင်း နှင့် မိုးရာသီကာလအတွင်း ကားလမ်းများ ပျက်ဆီးသည့်အတွက်ကြောင့် လမ်းခရီးအတွင်း ခက်ခက်ခဲခဲသွားလာနေကြရကြောင်း သိရသည်။
စီးပွားရေး
မြဝတီ-ကော့ကရိတ်
လမ်းကြေးအဆမတန်ပေး
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း
ဒေါနတောင်ကျော် #ကုန်တင်ယာဉ်
ခရီးသည်တင်ယာဉ်များ