လက်ရှိနွေဦးတော်လှန်ရေးတိုက်ပွဲသည် အားရစရာကောင်းသော်လည်း မူဝါဒအရ ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း ယမန်နေ့ထုတ်လွှင့်သော ဘီဘီစီဆက်သွယ် မေးမြန်းချက်တစ်ခုတွင် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ပြောကြားသည်။
ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က “တိုက်ပွဲအနေနဲ့ကတော့ အကုန်လုံး အားရစရာကောင်းပါတယ်၊ ဒါပေမယ့် တိုက်ပွဲများကို ဖော်ဆောင်တဲ့ ချိတ်ဆက်မှုနဲ့ နိုင်ငံရေးအရ ကြိုတင်ဆွေးနွေးမှုအပိုင်းမှာတော့ အားရစရာ မရှိသေးပါဘူး၊ ကျနော်တို့ ဒီတိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ တော်တော်များများ ကတော့ ကျနော်တို့ရဲ့ ရည်မှန်းချက်တွေကို ထုတ်ဖော်ပြောထားပြီးသား ဖြစ်တာပေါ့လေ၊ ဥပမာ ၂၁ ရာစုပင်လုံလို နေရာမျိုးမှာဆိုရင် ကျနော်တို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီး တင်ထားတဲ့ ဖက်ဒရယ်မူတို့ ဘာတို့ရှိတာပေါ့၊ ဒါပေမယ့် အခုနောက်ပိုင်း ဒီနွေဦးတော်လှန်ရေးမှာ စုဖွဲ့ပြီးတော်လှန်ရေးလုပ်နေတဲ့ မူဝါဒကတော့ ဘယ်အဖွဲ့က ဘယ်လိုသွားမလဲဆိုတာ ကြေငြာချက်တွေ ရှင်းရှင်းလင်းလင်း သိပ်မရှိသေးဘူးပေါ့နော်” ဟု ပြောသည်။
အချို့အဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ်ကို အပြီးတိုက်မည်ဆိုသည့်ရည်မှန်းချက်မျိုးမှာ အချက်အလက် အားဖြင့် လုံလောက်မည်ဟု မထင်ကြောင်း၊ တိုက်ပွဲများကို အားရသော်လည်း တိုက်ပွဲအလွန် စုစည်းမှုများအတွက် အားရစရာမကောင်းသေးကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
“အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတခုကတော့ မလွဲမသေပြန်ရောက်ရမှာ ဖြစ်ပါတယ်၊ ဒါမှလည်း နိဂုံးချုပ်လို့ရမှာပါ၊ ဒါပေမယ့် NCA လို ပုံစံမျိုးတော့ မဟုတ်ဘူးလို့ ဆိုလိုချင်ပါတယ်၊ အားလုံး တကယ်ပဲ စိတ်ပါလက်ပါနဲ့ နိုင်ငံရေးတွေကို ဆွေးနွေးတဲ့ ဆွေးနွေးပွဲတခု ဒါကတော့ မလွဲ မသွေရောက်ရှိဖို့ လိုအပ်ပါတယ်”
အဓိကအားဖြင့် မိမိတို့၏ နိုင်ငံရေးဆန္ဒမပျောက်ရန်၊ အဆိုပါ နိုင်ငံရေးဆန္ဒများအား တူညီအောင် ညှိနှိုင်းနိုင်ရန်၊ တဖက်နှင့်တဖက် ခွင့်မလွှတ်နိုင်သည့်အမှားမျိုး ထပ်ပြီးမလုပ်မိစေရန် ဆိုသည့်အချက် ၃ ချက်ဖြင့် ကိုက်ညီလာပါက အားလုံးပါဝင်ပြီး ဆွေးနွေးနိုင်မည့်အနေအထားကို ရောက်ရှိ လာနိုင်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဆက်လက်ပြောကြားခဲ့သည်။
၄င်းက “တခါတလေမှာ အချိန်ကာလကို ကျနော်တို့ သတ်မှတ်တာမဟုတ်ဘဲနဲ့ အချိန်ကာလက ကျနော်တို့ကို တွန်းအားပေးသွားမှာ ဖြစ်ပါတယ်၊ အဲဒီတော့ အရင်တုန်းက ကျနော်ခဏခဏ ပြောနေတာပဲ နိုင်ငံတကာအရကော ကျနော်တို့အနေ အထားအရဆိုရင်ကော ကျနော်တို့ အချိန်အကြာကြီး ဒီအတိုင်းသွားလို့မရပါဘူး အချိန်ကာလက ကျနော်တို့ကို ဘောင်ကွပ်ပေးမယ် တွန်းအားပေးမယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။
ကချင်လွတ်လပ်ရေးအဖွဲ့ KIA အနေဖြင့် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ဖိတ်ကြားမှုကို လက်မခံခဲ့သည်မှာ အချိန်အခါမသင့်သေးသလို မှန်ကန်သည့် ဖိတ်ခေါ်ချက်ပုံစံမျိုးလည်း မဟုတ်သည်ကို ရှုမြင်မိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်က ဘီဘီစီသို့ ပြောကြားခဲ့သည်။
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် Kachin Independence Organisation KIO အဖွဲ့ကို ၁၉၆၀ အောက်တိုဘာ၂၅ တွင်စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၆၁ ဖေဖော်ဝါရီ ၅ တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို ဖွဲ့စည်းခဲ့ကြောင်း၊ ၁၉၉၄ ခုနှစ်က နဝတအစိုးရနှင့် အပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်သော်လည်း ၂၀၁၁ တွင် ပျက်ပြယ်ခဲ့ကြောင်း၊ NCA ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့သော်လည်း သဘာတူညီမှုများ မရခဲ့ကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။
Source; BBC Burmese
Photo- ဗိုလ်ချုပ်ဂွမ်မော်နှင့် ဘီဘီစီအင်တာဗျူး