မော်လမြိုင်မြို့အတွင်းရှိ တန်ဖိုးကြီးမြေကွက်တချို့ကို ဇနီးဖြစ်သူဖြစ်သူနာမည်ဖြင့် ဂရံပေါက်ရယူထားသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးဟောင်း ဦးမြတ်ယုအား မွန်ပြည်နယ် အစိုးရအဖွဲ့မှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးမှုများပြုလုပ်နေသည်ဟု ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူများထံမှသိရှိရသည်။
ဦးမြတ်ယုသည် မြိုင်သာယာရှိ တန်ဖိုးကြီးမြေကွက်ကို ၎င်း၏ဇနီးဖြစ်သူဒေါ်ခိုင်သဉ္ဇာမျိုးနာမည်ဖြင့်ရယူထားပြီး အခြားမြေကွက်များကို မြေပေးမိန့်အတုနှင့်ရယူကာပြန်လည်ရောင်းချပြီး ဝယ်သူနာမည်နှင့် ဂရံပေါက်ထုတ်ပေးကာ ရောင်းချမှုများပြုလုပ်ခဲ့သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက သတင်းများထွက်ပေါ်လာခဲ့သည်။
“မြိုင်သာယာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်း မြေကွက်အမှတ် (၉၃) လိပ်စာနဲ့ ဦးမြတ်ယုရယ်၊ သူ့မိန်းမ ဒေါ်ခိုင်သဉ္ဇာမျိုး၊ သူ့သားသမီး (၂)ယောက် နဲ့အခြားနောက် (၁) ယောက်ရယ်၊ ပေါင်း (၅) ယောက် အမည်နဲ့ သန်းခေါင်းစာရင်းထုတ်ထားတယ်။ အခု အဲဒီမြေကွက်ကို သိန်း ၃ သောင်းနဲ့ရောင်းနေတယ်”ဟု မြိုင်သာယာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် မြိုင်သာယာလမ်းမထောင့်ရှိ ပေ (၆၀ × ၈ဝ) အကျယ်ရှိ မြေကွက်အမှတ် (၉၃) အားဦးမြတ်ယု၏ ဇနီးဖြစ်သူ ဒေါ်ခိုင်သဉ္ဇာမျိုးနာမည်ဖြစ်ရယူထားကြောင်း မော်လမြိုင်မြို့နယ်ထွေ/အုပ် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ဦးမြတ်ယုသည် ယင်းမြေကွက်အပြင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဇနီးအမည်ပေါက်ထွက်နေသည့် ကြက်တန်းမန္တလေးရပ်ရှိ မြေကွက်နှင့် ယခု ငါးဈေးအသစ်တည်ဆောက်နေသော နေရာအနီးမြေကွက်များ ကိုလည်းရယူထားကာပြန်လည်ရောင်းချရန် ပြုလုပ်နေသည်ဟုလည်း သတင်းများထွက်ပေါ်လျှက်ရှိသည်။
မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူးဟောင်းဖြစ်သူ ဦးမြတ်ယုမှာ ကယားပြည်နယ်သို့ ပြောင်းရွှေ့မိန့်ကျလာပြီးနောက် ပြောင်းရွေ့တာဝန်မထမ်းဆောင်လိုသည့်အတွက် နုတ်ထွက်စာတင်ပြီး နုတ်ထွက်သွားခြင်းဖြစ်ကြောင်း အမည်မဖေါ်လိုသူ ထွေ/အုပ်ဝန်ထမ်းတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
“ဦးမြတ်ယုက နုတ်ထွက်စာတင်ပြီးသွားတဲ့ နောက်ပိုင်းမှာ မော်လမြိုင်မြေစာရင်းရုံးကို နေ့တိုင်းနီးပါးရောက်နေတာတွေ့ရတယ်။ သူ့ခရိုင်ထွေ/အုပ်မှာတာဝန်ရှိစဉ်က သူ့မိန်းမနာမည်နဲ့ယူထားတဲ့ မြေကိစ္စလာတာလို့ မြေစာရင်းရုံးကလူတွေပြော နေကြတာကြားသိရပါတယ်။ အဲဒီမြေကွက်တွေအခုပြန်ရောင်းနေတယ်လို့ကြားတယ်” ဟု မော်လမြိုင်မြေစာရင်းရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ဦးမြတ်ယု အနေဖြင့် မော်လမြိုင်မြေစာရင်းရုံးနှင့် ညှိပြီး၊ မြေချမိန့်အတု အရင်ထုတ်ကာ အိမ်/ခြံ/မြေပွဲစားများနှင့် ပေါင်းကာ မြေချမိန့်အတုဖြင့် မြေကွက်များ ရောင်းချပြီး၊ ဝယ်ယူသူအမည်ပေါက်ဖြင့် ဂရံများထုတ်ပေးထားသည်ဟု ကြားသိရကြောင်းလည်း ၎င်းကဆိုသည်။
“ဦးမြတ်ယုနဲ့ ပေါင်းပြီးလုပ်နေတဲ့ပွဲစား (၂) ယောက်ရှိတယ်။ နောက် မစန်းအေးဆိုတဲ့ အမျိုးသမီး တစ်ယောက်လည်း ပါတယ်။ မစန်းအေး က မြေပိုင်ရှင်က ကိုယ်စားလှယ်လွှဲအပ်ထားတဲ့သူဆိုပြီးတော့၊ စာရွက်စာတမ်းအတုလုပ်ပြီး၊ အရောင်းအဝယ်လုပ်ကြတာ။ မစန်းအေးက မူရင်းမြေပိုင်ရှင်ရဲ့ကိုယ်စားလှယ်ဆိူပြီး special power အတုနဲ့လာတာ။ မြေချမိန့်အတုနဲ့ အရောင်းဝယ်မှတ်ပုံတင်စာချုပ်မြေစာရင်းမှာလုပ်တယ်။ ပြီးရင် ပွဲစားနဲ့ပေါင်းပြီး ရောင်းတယ် ဝယ်တဲ့သူနာမည်နဲ့ ဂရံထုတ်တယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်းရှိ သိန်း (၁) သောင်း တန်မြေကွက် (၁၅) ကွက်ခန့် ကိုလည်းကာင်း၊ မြိုင်သာယာ တိုးချဲ့ရပ်ကွက်ရှိ သစ်တောမြေ၊ အ.လ.က (၆) ကျောင်းမြေများကိုလည်း ဦးမြတ်ယုမှ ရယူထားကာ ၎င်း၏ ဇနီးအမည်ဖြင့် ဂရံဖောက်လျှက်ရှိဟုလည်ဟုလည်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။
“မြိုင်သာယာမှာ မစန်းအေးဆိုတဲ့မိန်းမကို ပိုင်ရှင်ဆီက special powerရထားတယ်ဆိုပြီး မြေကွက်မှာနေတဲ့သူတွေကိုမောင်းထုတ်တယ်။ တချို့ကိုအချုပ်ထဲထည့်၊ တချို့ကို လျော်ကြေးအနည်းငယ်ပေးပြီး ထွက်ခိုင်းတယ်။ ပိုင်ရှင်ရှိတဲ့ခြံကိုကျတော့ ဂရံအတုနဲ့ လူအင်အားနဲ့ ပိုင်ရှင်ကိုမောင်းထုတ်ပြီး ခြံခတ်ရောင်းတယ်။ ခြံပိုင်ရှင်က ရဲသွားတိုင်တော့လဲ ရဲကသူ့အလုပ်မဟုတ်ဘူးလို့ပြောပြီးဘာမှမလုပ်ပေးဘူး” ဟု မြိုင်သာယာရပ်ကွက်အတွင်းနေသူတစ်ဦးက ပြောကြားသည်။
ဦးမြတ်ယုအနေဖြင့် ယခုကဲ့သို့မြေကွက်များရယူရတွင်၊ မော်လမြိုင်မြိုနယ်အုပ်ချုပ်ရေးမှူးနှင့် မြေစားရင်းမှတာဝန်ရှိသူများလည်ပါဝင်နေသည်ဟု ထွက်ပေါ်လာသည် သတင်းများကဆိုသည်။
“သူတို့က ဝန်ကြီးချုပ် PA နဲ့ပေါင်းပြီး ဝန်ကြီးချုပ်က သိမ်းခိုင်းတယ်ဆိုပြီး မြေတွေလိုက်သိမ်းတာ။ မုပွန်ရပ်ကွက်က မွန်ပြည်သစ်ပါတီနာမည်နဲ့ထွက်ထားတဲ့မြေကွက်ကို ဦးမြတ်ယုနဲ့ မော်လမြိုင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ယုတို့သွားသိမ်းတယ်။ မွန်ပြည်သစ်ကပြန်စိစစ်ပြီးတော့ နယ်/လုံဝန်ကြီးကို တင်ပြကြတော့၊ လုံ/နယ်ဝန်ကြီးကိုယ်တိုင်ချက်ချင်းလာရှင်းရတယ်” ဟု မွန်ပြည်သစ်ပါတီနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းအပြင် မော်လမြိုင်မြို့ ကျွဲခြံကုန်းရပ်ကွက်အတွင်းရှိ မြေကွက်များကိုလည်း မုပွန်ရပ်ကွက်ကမြေကွက်များကဲ့သို့ လုပ်ဆောင်ထားခြင်းများလည်းရှိသည့်အပြင်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ လမ်းခင်းကျောက်ထုတ်လုပ်ရေး လုပ်ကွက်များကိုလည်း ဦးမြတ်ယု မှ ၎င်း၏ ဇနီးအမည်ပေါက်လုပ်ထားသည်ဟု ကြားသိရကြောင်း ၎င်းကဆိုသည်။
အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အဘက်ဘက်မှ ယိုယွင်းပျက်စီးလာနေရာ အသစ်ထုတ်ပြန်လိုက်သည့် ကမ္ဘာလုံးဆိုင်ရာ အကျင့်ပျက်ခြစားမှုအညွှန်းကိန်းတွင် အဆင့် ထပ်မံကျဆင်းလာကာ မြောက်ကိုရီးယားနှင့် ရင်ပေါင်တန်းနေကြောင်း၊ ကမ္ဘာ့နိုင်ငံများ၏ အကျင့်ပျက်ခြစားမှုအခြေအနေကို နှစ်စဉ်ထုတ်ပြန်ပေးနေသည့် Transparency International အဖွဲ့၏ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၅၇ အထိ ရောက်ရှိနေသည်ဟု သိရသည်။