သံလွင်တံတား(မော်လမြိုင်) မော်လမြိုင်ဘက်ခြမ်း လုံခြုံရေးဂိတ်အနီးတွင် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က Pajero ယာဉ်တစ်စီးပေါ်မှ လက်နက်နှင့်ကျည်ဆံများ ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။
မြဝတီမြို့ဘက်မှ ရန်ကုန်မြို့ဘက်သို့ အသက် (၃၅) နှစ်အရွယ် ယာဥ်မောင်း သူရဇော် (ခ) အောင်ကြီး မောင်းနှင်သည့် Pajero အပြာရောင်ယာဥ်အား ယမန်နေ့ နိုဝင်ဘာလ (၁) ရက်နေ့ မွန်းလွဲအချိန်ခန့်က ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ AK -47 ခုနစ်လက်၊ MA-1 တစ်လက်၊ AK ကျည်ဘောက် ခုနစ်ခု၊ MA-1 ကျည်ဘောက် သုံးခု(ဖိုက်ဘာ)၊ ၅.၅၆ ကျည် ၈၈၀ တောင့်၊ ပွိုင့် ၃၈ ကျည် ၂၄ တောင့်ပွိုင့် ၉ မမ ကျည် ၇၀ တောင့် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးကပြောကြားသည်။
၄င်းက ” မော်လမြိုင်မြိုမရဲစခန်းမှာ ဖမ်းချုပ်ထားပြီးတော့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ သူရဇော် (ခ) အောင်ကြီး ကို စစ်ကြောမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်” ဟု ပြောသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မော်လမြိုင်မြိုမရဲစခန်းတွင် တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ (၂၃) ရက်နေ့ကလည်း ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ မန္တလေးမြို့သို့ ပို့ဆောင်သည့် ပစ္စတို ၁၆ လက်နှင့် ဆက်စပ်ခဲယမ်းပစ္စည်းများကို ဝေါမြို့နယ် ညောင်ခါးရှည် X – Ray စက်စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့သည်။