၁၂၀၃ ခုနှစ်၊ တော်သလင်းလအတွင်း ရွှေဘိုမင်းသည် နှစ်စင်းသော ပြည်ကြီးမွန် ဖောင်တော်ဖြင့် ဥက္ကလာပရှို ဒဂုန်ဆံတော်ရှင်စေတီတော်မြတ်အား ရွှေသင်္ကန်းကပ်လှူရန် ရောက်ရှိလာတော်မူခဲ့ရာ ဥက္ကလာပမြို့တစ်ဝိုက်မှ ဂီတအနုပညာရှင်များသည် မင်းတရားထံပါး၌ ညစဉ်လိုလို တူရိယာ ဂီတတေးသံသာများဖြင့် ဖျော်ဖြေကြသည်။
ယင်းအနုပညာသည်များအနက် မွန်တူရိယာပညာသည်များ၏ တေးသံသာများကို ပြင်စည်မင်းသား သဘောတွေ့အားရကာ မွန်သံစုံဟု ခေါ်အပ်သော ကောင်းကြီးသင်္ခါသီချင်းကို ရေးစပ်သီကုံးတော့သည်။
ရွှေဘိုမင်း ခေါ် သာယာဝတီမင်းသည် မိမိစိုးစံရာ အမရပူရ ရွှေနန်းတော်မှ တော်သလင်းလ ရေလွှာ သင်ဖြူးခင်းချိန်မှ စတင်စုန်ဆင်းလာခဲ့ရာ သီတင်းကျွတ်လတွင် ဒဂုန်ဆံတော်ရှင် ခြေတော်ရင်းသို့ရောက်ခဲ့ပြီး လွန်စွာစိတ်ကြည်လင် ကြည်နူးတော်မူသဖြင့် နေပြည်တော်သို့ ပြန်ရန် မေ့လျော့ နေသယောင်ပင် ရှိတော့၏။
ဤတွင် ရွှေဘိုမင်းနှင့်အတူလိုက်ပါ လာကြကုန်သော မြဝတီဝန်ကြီး၊ ပြင်စည်မင်းသား စာဆိုတော် ဦးမင်း၊ စာဆိုတော်ဦးဘုန်း၊ နန်းမတော်မမြလေး စသော စာဆိုရှင်များ တိုင်ပင်လျက် မိမိထီးနန်းနေပြည် တော်သို့ ပြန်လည်ကြွချီရန် သတိရစိမ့်သောငှာ တေးကဗျာ လင်္ကာများစပ်ဆို၍ မင်းတရားရွှေတော်၌သီဆိုရန် စာဆိုတော် ဦးမင်း၊ ဦးဘုန်းတို့အား ရေးဖွဲ့ရွှတ်သီစေလေသည်။ ဤမျှသာမကပေ ပြည်စည်မင်းသားသည် “တောင်ယံတော” မွန်သံနှောသီချင်းကို ရေးဆက်သည်။
ထိုအချိန်အတွင်း ရွှေသင်္ကန်းကပ်လှူရေးကိစ္စ၌ ဆောင်ရွှက်ပါဝင်သူတို့ နေထိုင်ရေးအတွက် ယာယီဆောက်လုပ်ထားသည့် ရင်ပြင်ပေါ်ရှိ တဲတန်းကို မီးခရာမှ ကုန်းတော်တစ်ဝိုက်လန့်ဖျပ်သွား ကြပြီး ကစဉ့်ကလျားပြေးလွှားကြစဉ် “တောင်ယံတော” တေးစာသား မှာ ပျောက်ဆုံးသွားတော့သည်။
ပြင်စည်မင်းသားမှာ မိမိမှတ်သားမိသရွှေ့ စာသားများဖြင့် ပြန်လည်ရေးစပ်သည့်အခါတွင် ခါးလယ်မှစပြီး မေ့ပျောက်နေတော့ရာ နောက်ပိုင်းတေးသွားနှင့်စာသားမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားတော့သည်။ မီးလန့်သည့်ကိစ္စအေးချမ်းသွားပြီးမှ ပထမရေးစပ်သော တောင်ယံတောစာသားကို ပြန်လည် ရှာဖွေတွေ့ရှိသည်။ သို့သော် နှစ်ပုဒ်လုံးပင် မပစ်ရက်လောက်အောင် ကောင်းမွန်နေသဖြင့် မူလပထမရေးသော တောင်ယံတောကို “တောင်ယံတောကလေး” ဟု ခေါ်တွင်ပြီး စာသား ပိုမိုရှည်လျားသော ဒုတိယမြောက်ရေးစပ်သော တောင်ယံတောကို “တောင်ယံတောကြီး” ဟု ခွဲခြားသိမှတ်စေခဲ့သည်မှာ ယနေ့ယခုတိုင် မဟာဂီတကျမ်း အသီးသီးတို့၌ ဤအတိုင်းပင် ဖော်ပြပါရှိနေသည်။
ရွှေဘိုမင်းသည် မင်းမိဖုရား၊ ဝန်ကြီး၊ မှူးကြီး၊မတ်ကြီး တို့ပါ မကျန် ဝိုင်းဝန်းကုသိုလ်ပါဝင်ကြသော ရွှေပိဿာချိန် ၃၂ဝဝ ကို ရွှေပြားခတ်လုပ်စေပြီး ဒဂုန်ဆံတော်ရှင် စေတီတော်မြတ်ထီးတော်အခြေမှ အောက်ဆုံးသို့တိုင် ရွှေလုံးပြည့် ဆက်ကပ်လှူဒါန်းပြီး မြဝတီမင်းကြီး၊ ပြင်စည်မင်းသားတို့နှင့်တကွ လိုက်ပါလာကြကုန်သော ရွှေနန်းတော်သား အမှုထမ်းများပါမကျန် မိမိရပ်ဌာနေသို့ ပြန်လိုသောဆန္ဒအတိုင်း တပို့တွဲလဆန်းတွင် ဥက္ကလာမှ ပြည်ကြီးမွန်ဖောင်တော်ဖြင့် ပြန်လည်ဆန်တက် လာကြတော့သည်။
မွန်သံတေးပေါင်း ခုနစ်ပုဒ်ရေးစပ်ခဲ့ရာ ယင်းခုနစ်ပုဒ်လုံးပင် ယနေ့တိုင် ဂီတပညာသည်တိုင်း လက်သုံးတေးအဖြစ် ထင်ရှားလျက်ရှိနေခြင်းအားဖြင့် ပြင်စည်မင်းသား၏ ဂီတပညာရည်ကို ချီးအံ့ဖွယ် ကောင်းလှပေသည်။
တောင်ယံတောကလေး၊ တောင်ယံတောကြီးများမှ မိမိနေပြည်ကိုလှမ်းဆွတ်ဖွယ် စပ်ဆိုထားသော “စံရဝေ မန်းဘွေရွှေတိုင်ခန်း နန်းအောင်မြေ မျှော်လေ ခါခါ ပန်းသွယ်သွယ် ငယ်လေ မျှော်တိုင်းပန်းငုံ ချွေ မှုံရွှေ ထုံလေပြေ တိုင်းဟံသာကျေး ဝေးမြေ သီခေါင် ကျွမ်းဖို လွမ်းဆည်ဖြေ ” စသော စကားလုံး အသုံးအနှုန်းများနှင့် လွမ်းဆွတ်အောက်မေ့ တမ်းတစဖွယ် တေးသွား များကြောင့် ရွှေဘိုမင်းမှာ မနေသာတော့ဘဲ မိမိနေပြည်တော်ကို သတိရအောက်မေ့လာပြီး ရွှေဖောင်တော်နှင့် အသော့ဆန်တက် ခဲ့ရသည်အထိ ပေါက်ရောက်သော ပြင်စည်မင်းသား၏ တေးများပင်ဖြစ်တော့သည်။
မွန်တေးကဏ္ဍ၌ မြဝတီဦးစသည် “စိန်ချယ်ညီးလင်း” အစချီ တေးတစ်ပုဒ်တည်းသာရေးစပ်ခဲ့ရာ စာဆိုရှိသမျှ အဓိက ပုဂ္ဂိုလ်ကြီးဖြစ်သည့်အလျောက် ယင်းတစ်ပုဒ်တည်းသော “စိန်ချယ်ညီးလင်း” မှာ ပညာရှင်အပေါင်းတို့ အကြိုက်ဆုံး ထိပ်ခေါင်တေးအဖြစ် သုံးစွဲသီဆို တီးမှုတ်လာခဲ့ကြတော့၏။
တေးခေါင်းစဉ်ကိုလည်း ထူးထူးခြားခြား“ ဥက္ကလာပပြန်” ဟု တပ်ဆိုထားသဖြင့် ရွှေဘိုမင်း ဥက္ကလာပမှ နေရပ်ဌာနေ ဆီသို့ပြန်လည် ကြွချီနိုင်လောက်အောင် ရေးဖွဲ့သည့်တေးများ အနက် “စိန်ချယ်ညီးလင်း” သည်လည်း တစ်ပုဒ် အပါအဝင် ဖြစ်ကြောင်း ပေါ်လွင်နေဘိတော့သည်။
ပြင်စည်မင်းသား၏ ငုငစ် ခေါ် ကျောက်ကောက် ယိုးဒယားမှာလည်း ထူးခြားသော တေးသွားတစ်ပုဒ်ပင် တည်း။ နရီ စည်းဝါးအနေအထားနှင့် အသံအကူးအပြောင်း အနွဲ့အယဉ်မှာ သူမတူအောင် ဆန်းသစ်နေ၏။ တေးသွားမှာ သွက်လက်မြူးကြွနေ၏။
မြဝတီမင်းကြီး ဦးစသည် ၁၁၂၈ ခုနှစ်တွင် ဖွားမြင်ပြီး ပြင်စည်မင်းသားမှာ ၁၁၇၅ ခုနှစ် မွေးဖွားသူ ဖြစ်သဖြင့် မြဝတီသည် ပြင်စည်မင်းသားထက် အသက် ၄၇ နှစ် ကြီး သူဖြစ်သည်။ ကွယ်လွန်နှစ်အရ ဆိုသော် ပြင်စည်မင်းသားသည် မြဝတီအနိစ္စရောက်ပြီး ကိုးနှစ်ရှိမှ ကွယ်လွန်အနိစ္စရောက်ရလေသည်။
ရေလားချင်း၊ မှိုင်းပြာမှုန်ဝေပတ်ပျိုးနှင့် ကျောက်ကောက်ယိုးဒယား၊ မှိုင်းမှုန် ပြာညိုနှစ်ပုဒ်လုံးပင် ရသမြောက်လှပေသည်။
မဟာဂီတလောက၏ ဦးဆောင်စာဆို ကျေးဇူးတော်ရှင် ဝန်ကြီးပဒေသရာဇာ၊ ဇာ၊ မြဝတီ၊ မြဝတီဝန်ကြီး၊ ဒီဝန်ကြီး၊ ပြင်စည်မင်းသားတို့၏ နောက်တွင် ဇာတ်ဆရာ မောင်ကျောက်ခဲ၏ တေးများ၊ နန်းမတော်မမြလေးနှင့် လှိုင်ထိပ်ခေါင်တင်တို့၏ တေးများ သည်လည်း တစ်မူဆန်းသစ်လှပေ၏။
ကိန္နရာချောင်းခြားစာရင်းဝင် မြူဝန်းလို့ခိုပတ်ပျိုး၊ပြာညိုရောင် မှိုင်းလို့ရီမှောင်ပတ်ပျိုး၊ ရေပင်လယ်ပတ်ပျိုး၊ ရွှေယင် ပေါင်ပတ်ပျိုး၊ လွှမ်းရန်ပိုငို ချင်သားပတ်ပျိုး၊ ဒီပါမြေ ပတ်ပျိုး၊ ဗိန်းဘုံဘဲ့ပတ်ပျိုး၊ စက်လဲဘုံဘွေပတ်ပျိုး တေးများသည် ဇာတ်ဆရာ မောင်ကျောက်ခဲ၏ လက်ရာများ ဖြစ်ပြီး ပတ်ပျိုးချင်းများထဲ တေးသွားနှင့် စာသားမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲနေ၏။
အထူးသဖြင့် မောင် ကျောက်ခဲ၏တေးများတွင် ရေလားချင်း အတန်များများ ပါဝင်နေသည်ကို တွေ့ရှိရပေသည်။ ယင်းရေလားများသည် တစ်မူတစ်ဘာသာ ထူးခြားသည်ဖြစ်၍ အခြားပတ်ပျိုးချင်း များနှင့် နှိုင်းစာပါလျှင် နားဝင်ဆန်းနေသည်။ အရေအတွက် အားဖြင့် ပုဒ်ရေမများလှသော မောင်ကျောက်ခဲ၏ ယင်း တေးများသည် အရည်အသွေးပြည့်ဝသော တေးများချည်း သာဖြစ်လေသည်။
နန်းမတော်မမြလေး (၁၁၇၁-၁၂၀၇)သည် အမျိုးသမီး စာဆိုများတွင် ထူးခြားပြောင်မြောက်သကဲ့သို့ပင် သူ၏သမီး တော် လှိုင်ထိပ်ခေါင်တင် (၁၁၉၅-၁၂၃၇)သည်လည်း မယ်တော်၏လက်ရာထက် မညံ့သူတစ်ဦး ဖြစ်သည်။
အထူးသဖြင့် လှိုင်၏ဘောလယ်တစ်ခေတ်သည်ကား ရှာမှရှားကျော်ကြား ထင်ရှားသော ခေတ်တစ်ခေတ် ဖြစ်ခဲ့ရချေ၏။ မမြလေး၏ ချစ်သမျှကိုပတ်ပျိုး၊ ပြာပြာညိုရောင် မှိုင်းတနွဲ့နဲ့ပတ်ပျိုးများ အထင်ကရ ကျော်ကြားရသလိုပင် လှိုင်ထိပ်ခေါင်တင်၏ ညဉ့်သုံးယံပတ်ပျိုးနှင့် ရေယမုန်ပတ်ပျိုးတို့သည်လည်း အမျိုး သမီးဂီဘစာဆိုများ၏ စံထားရလောက်သော ပတ်ပျိုးသီချင်းများ ဖြစ်လေသည်။
မဟာဂီတကျမ်းဟူသရွေ့ ဤစာဆိုတော်ကြီးများ၏ တေးလက်ရာများနှင့် ကင်းသည်ဟူ၍ မရှိနိုင်ချေ၏။ မြန်မာ့ မဟာဂီတကျမ်းကြီးတစ်စောင် မဖြစ်လာရသည့် တိုင်အောင် ပြောင်မြောတ်သော တီးကွက်တီးချက်စံထားရလောက်သော တေးစာသားအဖွဲ့အနွဲ့အသုံးအနှုန်းနက်နဲလှသောအကြောင်း အရာ အချက် အလက် ဆိုဟန်၊ တီးဟန်များ တည်ဆောက် ဖန်တီးပေးခဲ့သည်မှာ ကြီးမားသော ကျေးဇူးအနန္တပါ တကား။
ကောင်းဝါသတင်းဌာန
ဆောင်းပါး
စစ်ကိုင်းလှရွှေ-မဟာဂီတ
(၁၉၉၃ ခုနှစ် ပခုက္ကူဦးအုန်းဖေစာပေဆု-ကျမ်းစာမူဆုရ)