မွန်ပြည်နယ်သို့ ပြည်ပခရီးသွားပိုမိုလာရောက်လည်ပတ်ရန် စစ်ကောင်စီ၏ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စိတ်ကူးယဥ်နေသော်လည်း လုံခြုံရေးစိတ်မချမှုကြောင့် ယခုနှစ်အတွင်း ခရီးသွား ၁၀ ဆခန့် လျှော့နည်းကျဆင်းသွားခဲ့ကြောင်း သိရသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းက ပြည်တွင်းဘုရားဖူး ၂၈၄,၀၇၉ ဦး၊ ပြည်ပဘုရားဖူးခရီးသွား ၁၀,၂၁၄ ဦး လာရောက်ခဲ့သော်လည်း ယခုနှစ်တွင် ကျိုက်ထိုမြို့နယ်အတွင်း တိုက်ပွဲများဆက်တိုက်ဖြစ်ပေါ်နေပြီး လုံခြုံရေးစိတ်မချရသဖြင့် ပြည်ပဘုရားဖူးခရီးသွားလာမှုမှာ အလွန်ကျဆင်းသွားကြောင်း မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
၄င်းက “ပြည်တွင်းဘုရားဖူးက များလာတယ် ဒါပေမယ့် ပြည်ပဘုရားဖူး အလွန်နည်းသွားတယ် ဒီနှစ် ထောင်ဂဏန်းတောင် ပြည့်ပါ့မလား၊ အလုပ်ကိစ္စနဲ့လာရင်း ဘုရားဝင်ဖူးတာလောက် အနည်းအကျဥ်းတွေ့ရတယ်၊ အဓိက လုံခြုံရေးပါပဲ တံတားတွေ မကြာခဏ မိုင်းခွဲခံရ၊ ကျိုက်ထီးရိုးရဲကင်းစခန်းတွေ ပစ်ခတ်ခံရတဲ့သတင်းက အရမ်းဟော့နေတာ ဧည့်သည်တွေ မလာရဲတော့ဘူး ဟိုတယ်ဘွတ်ကင်တွေ ခဏခဏအဖျက်ခံထိတယ်”ဟု ပြောသည်။
လာရောက်လည်ပတ်ကြသည့် ပြည်ပခရီးသွားများအနေဖြင့် ကျိုက်ထီးရိုးဘုရားသို့သာ အဓိကသွားရောက်လည်ပတ်ကြပြီး အနည်းစုမှာ မော်လမြိုင်မြို့ဝန်းကျင်ရှိ လုံခြုံရေးစိတ်ချရသည့် မြို့နယ်များသို့သွားရောက်လည်ပတ်ကြကြောင်း ပြောသည်။
“အဓိကက ကျိုက်ထီးရိုးပါပဲ၊ ထိုင်းပိုများတယ်၊ နောက် အိမ်နီးချင်း ဗုဒ္ဒဘာသာနိုင်ငံတွေကလာတယ်၊ တစ်ခါခါ ကိုးရီးယားတွေတော့ အနည်းအကျဉ်းလာတယ်၊ အဓိကကတော့ လုံခြုံရေးအရ ဒီဘက်နယ်တွေက သိပ်မကောင်းဘူးဆိုတာ သိထားကြတော့ အလုပ်ကိစ္စလာရင်း အလည်လည်ပတ်သွားကြတဲ့သဘောပိုများတယ်၊ ခရီးသွားလုပ်ငန်းအတွက် ခုနှစ်မှာ ဘာမှ မမျှော်လင့်ထားဘူး” ဟု ခရီးသွားအေဂျင်စီလုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
သံဇရပ်၊ မုဒုံ၊ ကျိုက်မရောစသည့်မြို့နယ်များတွင် လာရောက်လည်ပတ်မှုမရှိသလောက်နည်းပါးနေသလို မွန်ပြည်နယ်တောင်ဘက်စွန်း ရေးမြို့နယ်တွင်မူ အလုပ်ကိစ္စဖြင့် တရုတ်နိုင်ငံသားများသာ လာရောက်နေထိုင်ကြပြီး ယခုနှစ်ပွင့်လင်းရာသီတွင် လုံခြုံရေးအခြေအနေအရ လာရောက်လည်ပတ်သူနည်းပါးလာနိုင်ကြောင်း ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများက သုံးသပ်သည်။
“ခုပွင့်လင်းရာသီတော့ မလွယ်လောက်ဘူး၊ မွန်ပြည်နယ် တောင်ပိုင်းဆို တပ်အင်အားတိုးချဲ့လာသလို တော်လှန်ရေးအဖွဲ့တွေကလည်း စစ်ရေးဖော်ဆောင်ဖို့ ထုတ်ပြန်ထားတာရှိတော့ ကျိုက်ထီးရိုးလောက်ပဲ လာဖြစ်ကြဖို့များတယ်၊ ခုအခြေအနေကပြည်ပတွင်းလည်း အသင့်အတင့်၊ ပြည်ပကတော့ မရှိသလောက်ဖြစ်နေတော့ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်သူတွေကတော့ ကျားကန်ကန်ပြီးလုပ်နေရတာပါပဲ။ ကမ်းခြေတွေကဆိုင်တွေဆို ပြည်တွင်းဧည့်သည်ပဲ အားကိုးရတာ၊ ရေးက ကဗျာဝကမ်းခြေဆိုရင် ပြည်တွင်းခရီးသွားတွေတောင်မသွားကြတော့လို့ ဆိုင်တွေတောင် တစ်ခုမှမရှိတော့ဘူးလို့သိရတယ် ” ဟု မော်လမြိုင်မြို့နေ ခရီးသွားလုပ်ငန်းလုပ်ကိုင်ခဲ့သူတစ်ဦးက ပြောကြားသည်။
စစ်တပ်အာဏာမသိမ်းမှီက မွန်ပြည်နယ်အတွင်း ပြည်ပခရီးသွားဝင်ရောက်မှု သုံးသန်းကျော်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်း တစ်သောင်းကျော်ခန့်သာ လာရောက်ပတ်ခဲ့သည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ၏ စာရင်းအရ သိရသည်။
ယခုနှစ်တွင် ဒေသတွင်း လာရောက်ကြသည့် ခရီးသွားဧည့်သည်များကိုဆွဲဆောင်နိုင်သည့် ခရီးသွားနေရာအသစ်တွေ ရှာဖွေရန်နှင့် ခရီးသွားဧည့်သည်များ လုံခြုံစွာတည်းခိုနေထိုင်ရေးအတွက် ဆောင်ရွက်ထားရန် မွန်ပြည်နယ်ဝန်ကြီးချုပ်က ညွန်ကြားထားကြောင်း သိရသည်။