တရုတ်နယ်စပ်တည်ငြိမ်ရေးနှင့် မြန်မာပြည်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားမရှိစေရန် ကချင်လွတ်မြောက် ရေးတပ်မတော်(KIA) ကို တရုတ်က တောင်းဆိုခဲ့ကြောင်း ကချင်လွတ်လပ်ရေးကောင်စီ (KIC)၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ဘီဘီစီကို ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်လပ်ရေးတပ် -KIA / KIO ကိုယ်စားလှယ်များ တွေ့ဆုံချိန်မှာ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က ဆိုသည်။
“တရုတ်ရဲ့ဆန္ဒက နယ်စပ်ဒေသမှာ စစ်မဖြစ်ဖို့ တိုက်ပွဲတွေမဖြစ်ဖို့ ဖြစ်ပါတယ်။ အခု တရုတ်ဟာ တစ်လှမ်းတိုးပြီး မြန်မာနိုင်ငံမြောက်ပိုင်းဒေသတစ်ခုလုံးမှာ တိုက်ပွဲတွေမရှိစေချင်ဘူးလို့ တရုတ်ကိုယ်စားလှယ်တွေက ပြောခဲ့တယ်”
သို့ရာတွင် တရုတ်နိုင်ငံ၏ နယ်စပ်နှင့် မြန်မာနိုင်ငံမြောက်ပိုင်းတည်ငြိမ်ရေးကို လက်ခံနိုင်သော်လည်း KIA အနေဖြင့် အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ရှောင်လွှဲ၍မရသော တိုက်ပွဲများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု အကြောင်းပြန်ဆွေးနွေးခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
“ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကို အဓိကထားတာဖြစ်လို့ ရှောင်လွှဲလို့မရတဲ့ တိုက်ပွဲတွေကို ဆင်နွှဲနေရတယ်။ တချို့ တိုက်ပွဲတွေက မမျှော်လင့်ပဲနဲ့ ကျယ်ပြန့်သွား တာမျိုးရှိပါတယ်။ တရုတ်အစိုးရပြောတဲ့ တည်ငြိမ်ရေးကို ကျွန်တော်တို့က မူအရလက်ခံနိုင်ပေမဲ့ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ရှောင်လွှဲလို့မရတဲ့ တိုက်ပွဲတွေတိုက်နေရတယ်”
ယခုလ အောက်တိုဘာ ပထမပတ်ကစပြီး တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ (၁) ပန်ဝါဒေသကို KIA ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်အတွင်းက တရုတ်နယ်စပ်ဂိတ်များကို တရုတ်ဘက်က ပိတ်ပစ်ခဲ့ကြောင်း တွေ့ရှိသည်။