ကရင်ပြည်နယ်အခြေစိုက် ချစ်လင်းမြိုင်ကုမ္ပဏီနှင့် ကုမ္ပဏီထူထောင်သူ ကရင်ပြည်နယ် BGF နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင်သုံးဦးကို ဥရောပသမဂ္ဂကောင်စီက ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဥရောပသမဂ္ဂကောင်စီသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့က မြန်မာနိုင်ငံအတွင်းရှိ လူပုဂ္ဂိုလ်သုံးဦးနှင့် အဖွဲ့အစည်းတစ်ခုကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်သည့်စာရင်းတွင် ထည့်သွင်းခဲ့ပြီး နောက်ထပ် ပိတ်ဆို့မှုများပြုလုပ်ရန် အတည်ပြုခဲ့ပြီး၊ ထိုလူပုဂ္ဂိုလ်သုံးဦးတွင် ဗိုလ်မှုးကြီးစောချစ်သူနှင့်အတူ ဒုတိယဗိုလ်မှူးကြီး မုတ်သုန်နှင့် ဗိုလ်မှူး တင်ဝင်းတို့သည်လည်း ပိတ်ဆိုမှုစာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။
ထို့အပြင် ဥရောပသမဂ္ဂမှ ချစ်လင်းမြိုင်ကုမ္ပဏီ Chit Linn Myaing Group (CLM) နှင့် ထိုကုမ္ပဏီကို ထူထောင်သူလည်းဖြစ်၊ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့် နယ်ခြားစောင့်တပ်ဖွဲ့၏ ဗိုလ်မှူးကြီး စောချစ်သူတို့ကို ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့ခြင်းဖြစ်သည်။
CLM ကုမ္ပဏီသည် ရွှေကုက္ကိုမြို့အပါအဝင် ထိုင်း-မြန်မာနယ်စပ်ရှိ မြဝတီမြို့တွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်သည့် ခြံဝန်းများဖြင့် ငွေကြေးအကျိုးအမြတ်များရှာနေသည့် ကုမ္ပဏီများစုဖွဲ့ထားသည့် အုပ်စုဖြစ်သည်ဟု ဥရောပသမဂ္ဂကောင်စီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဗိုလ်မှူးကြီးစောချစ်သူ၏ နယ်မြေအတွင်း အတင်းအဓမ္မခိုင်းစေမှု၊ ညှင်းပန်းနှိပ်စက်မှုအပါအဝင် လူအခွင့်အရေးချိုးဖောက်မှု အများအပြားရှိနေပြီး မူးယစ်ဆေးဝါးနှင့် လူမှောင်ခိုကူးမှု၊ အွန်လိုင်းငွေလိမ် လုပ်ငန်းများ လုပ်ကိုင်မှုအပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ဥရောပသမဂ္ဂက ဖော်ပြထားသည်။
ဒုတိယဗိုလ်မှူးကြီး မုတ်သုန်သည် ကရင်အမျိုးသားတပ်မတော် (KNA) ၏ လက်ထောက်အတွင်းရေးမှူး ချုပ်အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများ နှင့် နီးစပ်သူများထံမှ သိရသည်။
ဗိုလ်မှူးတင်ဝင်း မှာ ဗိုလ်မှူးကြီးစောချစ်သူ၏ အနီးကပ်လက်အောက်ခံဖြစ်ပြီး ရွှေကုက္ကို၊ KK Park Project နှင့် Huanya Project ကဲ့သို့ မြဝတီအနီးရှိ ကျားဖြန့်လုပ်ငန်းများမှ အကျိုးအမြတ်များရရှိနေသူ ဖြစ်သည်ဟု ဥရောပသမဂ္ဂကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျားဖြန့်လုပ်ငန်းများသည် မြန်မာနိုင်ငံနှင့်ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်နေပြီး လူ့အခွင့်အရေးကို ဆိုးရွားစွာခြိမ်းခြောက်နေကြောင်း ဥရောပသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
ယခုပိတ်ဆို့မှုနှင့်ဆိုပါက ဥရောပသမဂ္ဂသည် မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ် (၁၀၆) ဦးနှင့် အဖွဲ့အစည်း (၂၂) ခု၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်ခြင်း၊ ထိုလူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအတွက် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း အကျိုးရှိစေမည့် စီးပွားရေး အရင်းအမြစ်များနှင့် ငွေကြေးများကို ပိတ်ဆို့ခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုစာရင်းတွင်ပါဝင်သူများသည် ဥရောပသမဂ္ဂသို့ လာရောက်ခွင့် ပိတ်ပင်ခံထားရကြောင်း သိရသည်။
Ref: European Council