ထိုင်းနိုင်ငံ၌ နှစ်ကာလရှည်ကြာ ရွှေ့ပြောင်းအခြေချနေထိုင်လာခဲ့သူ နိုင်ငံခြားသား ၄၈၃,၀၀၀ ဦးကို ထိုင်းနိုင်ငံသားအဖြစ် အသိအမှတ်ပြုလက်ခံမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Mr. Jirayu Huangsap က ထုတ်ဖော်ပြောကြားလိုက်သည်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်က ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေးမှ ယင်းကဲ့သို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီး ထိုင်းအစိုးရအနေဖြင့် ၄င်းတို့အား နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည့်လုပ်ငန်းစဥ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို လာမည့် ရက် ၆၀ အတွင်း ထုတ်ပြန် ကြေညာပေးမည်ဖြစ်ကြောင်း သိရပါသည်။
၎င်းတို့အနေဖြင့် ထိုင်းနိုင်ငံသားဖြစ်လာပါက နိုင်ငံအတွင်း လွတ်လပ်စွာသွားလာနိုင်မည်ဖြစ်သလို ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုအတွက် တဖက်တစ်လမ်းက အထောက်အကူနိုင်မည်ဟု အစိုးရအဖွဲ့က ရှုမြင်ထားသည်ဟု ဆိုသည်။
၁၉၈၄ ခုနှစ်ကနေ ၁၉၉၉ ခုနှစ်အထိ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်သူ ၁၂၀,၀၀၀ ဦးခန့်၊ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်သူ ၂၁၅,၀၀၀ ဦးခန့်၊ ထိုင်းနို်င်ငံမှာ မွေးဖွားကြီးပြင်းသည့် တိုင်းရင်းသားမျိုးနွယ် ကလေးငယ် ၂၉,၀၀၀ ဦးခန့်၊ နေထိုင်ခွင့်အထောက်အထားမရှိသော်လည်း ထိုင်းနိုင်ငံ၌ မွေးဖွားခဲ့သည့် ကလေးငယ် ၁၁၃,၀၀၀ ဦးခန့်၊ စုစုပေါင်း ၄၈၃,၀၀၀ ဦးခန့်ကို ထိုင်းနိုင်ငံသားအဖြစ်အသိအမှတ်ပြုပေးရန် အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။