နယ်စပ်မှ တင်သွင်းလာသော စားသောက်ကုန်ပစ္စည်းများကို စာရွက်စာတမ်းတင်ပြနိုင်ခြင်းမရှိလျင် တရားမဝင်ကုန်ပစ္စည်းအဖြစ်သတ်မှတ်သည့်အပြင် တင်ဆောင်လာသော မော်တော်ယာဉ်ကိုပါ ဖမ်း၍ သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည်။
သံဖြူဇရပ် – ရေး ကားလမ်းမကြီးပေါ်ရှိ (ပင) စစ်ဆေးရေးဂိတ်၌ အောက်တိုဘာ ၂၈ ရက်နေ့က ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း ၁၂ မျိုး၊ လူသုံးကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀,၃၄၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀,၀၀၀,၀၀၀) စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၇၀,၃၄၀,၀၀၀ ကို စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့က သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိသည်။
ထို့ပြင် အောက်တိုဘာ ၂၈ ရက်တွင် မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြ နိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း နှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၆,၅၀၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၀,၀၀၀,၀၀၀)ကိုလည်းကောင်း စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။
အလားတူ ပဲခူးတိုင်းဒေသကြီး ဘုရားကြီးမြို့ ရွှေသံလွင်တိုးဂိတ် အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် ယာဉ်နှစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်းမရှိသည့် လူသုံးကုန် ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၄၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hi-Ace ယာဉ်တစ်စီးနှင့် စက်မှုဇုန် ထုတ် AMA AUNG MYAN ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် သုည ဒသမ ၅၆၇ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၉၉,၃၁၂ ကျပ်) ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ ၄၂၀၃၉၃၁၂ ကျပ်ကို သိမ်းဆည်းအရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Photo- တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့