ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာအလုပ်သမားအချင်းချင်း စကားများရန်ဖြစ်ကာ ဓါးထိုးမှုဖြစ်ပွားခဲ့ရာမှ နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖေါ်ပြချက်များအရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၈) ရက်နေ့ည (၁၁) နာရီအချိန်ခန့်က ဘန်ကောက်မြို့၊ တလင်းချန်းနယ်မြေတွင်နေထိုင်သည့်အသက် (၂၇) နှစ်ရွယ်ခန့်ရှိ မြန်မာအလုပ်သမား သူငယ်ချင်း (၄) ဦးမှာ အလုပ်မှပြန်လာပြီးနောက် ၎င်းတို့နေထိုင်ရာအခန်းအတွင်း အရက်အတူတူစုသောက်ရာမှ စကားများရန်ဖြစ်ကာ ဓါးထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုထားသည်။
ထိုဖြစ်စဉ်အတွင်း မြန်မာအလုပ်သမား (၂) ဦးမှာ အခင်းဖြစ်ပွားခဲ့ရာအခန်းအတွင်း သေဆုံးခဲ့ပြီး၊ တစ်ဦးမှာ ဝမ်းဗိုက်တွင် ဓါးဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကာ ၎င်းအားစီရရတ်ဆေးရုံသို့ အရေးပေါ်တင်ပို့ထားရကြောင်းလည်း ထိုင်းသတင်းများက ဖေါ်ပြထားကသည်။
အခင်းဖြစ်ပွားခဲ့ရာ အခန်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည့် ပုံစံမျိုးတွေ့ရကြောင်းနှင့် သက်သေအဖြစ် ဓါး (၂) ချောင်းကိုလည်း တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားချက်အား ကိုးကား၍ ထိုင်းသတင်းဌာနများက ဖေါ်ပြထားကြသည်။
သူငယ်ချင်းအချင်းချင်း အရက်အတူသောက်နေစဉ် စကားများရန်ဖြစ်ကြခြင်းဖြစ်ကြောင်း၊ သူငယ်ချင်း (၃) ဦးမှ ကျန်တစ်ဦးအား ရန်ပြုရန်ကြိုးစားခဲ့သဖြင့် ခုခံကာကွယ်သည့်အနေဖြင့် ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်သည်ဟု ကျူးလွန်ဟုယူဆရသူ ကျန်မြန်မာအလုပ်သမားတစ်ဦးက ထွက်ဆိုချက်ပေးထားကြောင်း ရဲတပ်ဖွဲ့က ဆိုထားသည်။
ထို မြန်မာအလုပ်သမား သူငယ်ချင်း (၄) ဦးမှာ မကြာခဏအရက်စုသောက်လေ့ရှိသည့်အပြင်၊ အရက်စုသောက်သည့်အခါတိုင်း စကားများရန်ဖြစ်ကြလေ့ရှိကြောင်း ယင်းအခန်းအနီး နေထိုင်သူများကလည်း ရဲတပ်ဖွဲ့သို့ ပြောဆိုထားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူဟု ယူဆရသူအား ထိုင်းရဲတပ်ဖွဲ့မှ ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း ထိုင်းသတင်းများ၏ ဖေါ်ပြချက်များအရ သိရသည်။
Photo Credit – Talingchan Police Station