နယ်စပ်မှတင်သွင်းလာသည့်လူသုံးကုန်ပစ္စည်းများကို စစ်ကောင်စီက နေ့စဉ်ရက်ဆက်ဖမ်းဆီးအရေးယူမှုတွေ ဆောင်ရွက်နေသောကြောင့် ထိုင်းနှင့် တရုတ်ကုန်စည်များ စတင်ပြတ်လပ်လာနေကြောင်း သိရသည်။
ပြည်တွင်းတွင် ထိုင်းနှင့်တရုတ်နိုင်ငံထုတ်ပစ္စည်းများကို အဓိကအားပြုနေရပြီး နယ်စပ်မှအဓိကတင်သွင်းနေရာမှ တရားမဝင်ကုန်စည်တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒုချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တရားမဝင်တင်သွင်းလာသည့်ကုန်စည်များကို ထိရောက်စွာဖမ်းဆီးအရေးယူရန်ညွန်ကြားခဲ့ပြီးနောက်ပိုင်းတွင် ကုန်စည်ပြတ်လပ်သည်အထိ ပိုမိုဖမ်းဆီးလာခြင်းဖြစ်သည်။
“ရန်ကုန်မှာတော့ ထိုင်းနဲ့တရုတ်ပစ္စည်းတွေဈေးတွေတက်ပြီးတော့ ခု ပစ္စည်းပါဝယ်မရဖြစ်လာတယ်၊ လူသုံးကုန်နဲ့ ရုံးသုံးပစ္စည်းတွေထဲကအချို့ဆို ပစ္စည်းတွေမရှိတော့ဘူး၊ တစ်ခုခုလုပ်မယ်ဆိုရင် ပြည်သူတွေအဆင်ပြေလား၊ မပြေလား စဉ်းစားစေချင်ပါတယ်၊ ပြည်တွင်းကလည်းမလုပ်နိုင်၊ ပြည်ပကသွင်းတော့လည်း ဖမ်းဆိုတော့လေ၊ မှောင်ခိုခေတ်ပြန်ရောက်မယ့်အခြေအနေဖြစ်နေပြီ ” ဟု ရန်ကုန်မြို့နေ လက်လီလက်ကားရောင်းချနေသည့် အရောင်းဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။
တရားမဝင်တင်သွင်းလာသည့်ကုန်စည်များကြောင့် နိုင်ငံတော်ဘဏ္ဍာနှင့် ပြည်တွင်းထုတ်လုပ်မှုထိခိုက်သည်ဟုဆိုကာ ဖမ်းဆီးသည်ဆိုသော်လည်း တရားဝင်တင်သွင်းမှုများကို လွယ်ကူချောမွေ့အောင် စစ်ကောင်စီက ဆောင်ရွက်မပေးနိုင်ကြောင်း ကုန်သည်များက ပြောကြားသည်။
“တရားဝင်သွင်းလို့ ဆိပ်ကမ်းရောက်တော့ အဆင့်ဆင့်နှောင့်နှေအောင်လုပ်တယ်၊ အဲ့ဒီတော့ ပစ္စည်းတွေအဝင်နောက်ကျသလို လာဘ်လာဘကိစ္စတွေ အဆင့်ဆင့်ပေးရတော့ ဈေးတွေက တက်တယ်၊ အချို့ဆို ဒိတ်လွန်တာတွေဖြစ်လာတယ်၊ တရားမဝင်ကိုဖမ်းရင် တရားဝင်ကို မြန်ဆန်လွယ်ကူအောင်ဆောင်ရွက်ပေးလေ၊ နယ်စပ်ဆိုလည်း စစ်ဆေးတာတွေ၊ အခွန်နဲ့စနစ်တကျ သွင်းလို့ရအောင် လုပ်လို့ရတာပဲ၊ ခုဟာက စီမံခန့်ခွဲမှုညံ့လို့ ခုလိုဖြစ်နေတာ ” ဟု ကုန်သည်တစ်ဦးက ပြောကြားသည်။
စစ်ကောင်စီထုတ်ပြန်ချက်အရ သုံးနှစ်အတွင်း တရားမဝင်ကုန်စည်ဖမ်းဆီးရမိမှုမှာ ငွေကျပ်သုံးရာဘီလီယံခန့်ရှိပြီး ယခုနှစ်အောက်တိုဘာလမှစတင်ကာ နေ့စဉ် ငွေကျပ်သိန်းထောင်ချီသော တရားမဝင်ကုန်စည်များကို ဖမ်းဆီးရမိနေကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ရှမ်း၊ ကချင်အပါအဝင် မြောက်ပိုင်းဒေသ၌ လက်ရှိတွင် နယ်စပ်ဂိတ်များအားလုံးကို တရုတ်နိုင်ငံက ပိတ်လိုက်ပြန်သဖြင့် ကုန်စည်များနှင့် စက်သုံးဆီများ လုံးဝပြတ်တောက်သွားသည်။
Photo- နယ်စပ်မှတင်သွင်းလာသည့်လူသုံးကုန်ပစ္စည်းများတင်သွင်းလာစဥ်