ပေါင်မြို့နယ်အတွင်းရှိ ပင်လယ်ကမ်းစပ်ကျေးရွာများဖြစ်ကြသော အလှပ်ကျေးရွာနှင့် ဝဲပတန်ကျေးရွာများအတွင်းနေထိုင်သည့် ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရကြောင်း ဒေသခံများထံမှ သိရသည်။
လွန်ခဲ့သည့်နှစ်ရက်က ရေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားခဲ့ရာမှ ယနေ့ နံနက်ပိုင်းအချိန်အထိ ရေလုပ်သားစုစုပေါင်း (၅၁) ဦး ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေကြရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
“အောက်တိုဘာလ (၂၇) ရက်နေ့က ရေလုပ်သားစုစုပေါင်း (၄၂) ဦး ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်လို့ အလှပ်တိုက်နယ်ဆေးရုံကိုရောက်လာကြတယ်။ အဲ့ဒီအထဲကမှ ရောဂါနည်းနည်းပြင်းထန်တဲ့ လူနာ (၂၂) ဦးကို ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးလိုက်ရတယ်။ အဲ့ဒီ ပေါင်မြို့နယ်ပြည်သူ့ဆေးရုံကိုပို့ဆောင်လိုက်တဲ့လူနာ (၂၂) ဦးထဲက ရောဂါပြင်းပြင်းထန်ထန်ခံစားနေရတဲ့လူနာ (၅) ဦးကိုတော့ မော်လမြိုင်မြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ပေးခဲ့ရပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ (၂၈) ရက်နေ့က အလှပ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေကြသူများအနက်မှ ရောဂါသက်သာသွားသည့် လူနာ (၁၀) ဦးခန့်ဆေးရုံမှ ပြန်ဆင်းသွားပြီးဖြစ်သော်လည်း ယနေ့ အောက်တိုဘာလ (၂၉) ရက်နေ့မနက်ပိုင်းတွင် ဝမ်းပျက်ဝမ်းလျောလူနာ (၉) ဦးဆေးရုံသို့ထပ်မံရောက်ရှိလာကြောင်း ၎င်းဒေသခံက ဆိုသည်။
လောလောဆယ် အလှပ်တိုက်နယ်ဆေးရုံအုပ်ရယ်၊ ကျန်းမာရေးဌာနက ဝန်ထမ်းတွေ၊ ကြက်ခြေနီနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက လူနာတွေကို ကုသတာ၊ ကြို/ပို့ပေးတာမျိုးတွေလုပ်ဆောင်နေကြသလို၊ တဖက်မှာလည်း ကျန်းမာရေးအသိပညာပေးလုပ်ငန်းတွေနဲ့ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားနေတဲ့ ကျေးရွာတွေမှာရှိတဲ့ ရေတွင်းရေကန်တွေကို ကလိုရင်းဆေးလိုက်ခတ်ပေးတာမျိုးတွေလုပ်ဆောင်နေကြပါတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်အတွင်းက မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့အနီး ပင်လယ်ပြင်အတွင်း ငါးဖမ်းစက်လှေတချို့နှင့် ကျားဖောင်တချို့ရှိ လှေလုပ်သားများတွင် ဝမ်းပျက်ဝမ်းလျောရောဂါကူးစက်ဖြစ်ပွားခဲ့ရာ စက်တင်ဘာလ (၁၀) ရက်နေ့တွင် လှေလုပ်သား (၄) ဦးနှင့် စက်တင်ဘာလ (၁၅) ရက်နေ့တွင် လှေလုပ်သား (၂) ဦး စုစုပေါင်း (၆) ဦးသေဆုံးခဲ့ကာ ကျိုက္မမီမြို့ဆေးရုံတွင် ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် ဆေးကုသမှုခံယူနေရသူ လှေလုပ်သားပေါင်း (၁၅) ဦးကျော်ရှိခဲ့သည့်ပြင် လှေလုပ်သား (၈၀) ကျော်ကိုလည်း စောင့်ကြည့်နေရသည့်အခြေအနေမျိုးရှိဖြစ်ပွားခဲ့သည်။
အလားတူ စက်တင်ဘာလ (၁၇) ရက်နေ့ကလည်း ရေးမြို့နယ် အစင်စံပြကျေးရွာ ဓမင်းဆိပ်အပိုင်းတွင် ပင်လယ်ပြင်မှပြန်ဝင်လာသည့် ငါးဖမ်းလှေတစ်စီးမှ ရေလုပ်သားတချို့ ဝမ်းပျက်ဝမ်းလျောရောဂါခံစားနေရပြီး (၁) ဦးသေဆုံးခဲ့ကာ (၉) ဦးမှာ ဆေးရုံတင်ထားရကြောင်း နှင့် မုဒုံမြို့နယ်အတွင်းရှိ တချို့ကျေးရွာများတွင်လည်း ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှုများရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။
Photo- ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားသည့်နေရာ