ရန်ကုန် – မော်လမြိုင်ကားလမ်းမပေါ်ရှိ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းများ တင်ဆောင်လာသည့် ခရီးသည်တင်မှန်လုံယာဉ်ငယ်တစ်စီးပေါ်မှ လက်နက်ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ အောက်တိုဘာလ (၂၈) ရက်နေ့၊ မွန်းလွဲ (၂) နာရီအချိန်ခန့်က အဆိုပါ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်မြို့ဘက်မှရန်ကုန်မြို့ဘက်သို့ မောင်းနှင်လာသော “သိင်္ဂီအောင်” ခရီးသည်တင်မှန်လုံယာဉ်ငယ်ပေါ်တင်ဆောင်လာသည့် ကုန်ပစ္စည်းများအား စစ်ဆေးစဉ် လက်နက်ခဲယမ်းများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ခရီးသည်တင်ယာဉ်ဆိုပေမယ့် ကုန်ပစ္စည်းတွေကိုဘဲ တင်ဆောင်လာတဲ့ မှန်လုံယာဉ်ငယ်ဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ ယာဉ်မောင်းဖြစ်သူ ကျော်စိုးဝင်း ဆိုသူနဲ့ ယာဉ်နောက်လိုက်ဖြစ်တဲ့ အောင်ကျော်စိုး တို့နှစ်ဦးတည်းပါလာတာပါ။ လက်နက်ခဲယမ်းတွေကိုတော့ ယာဉ်အတွင်းပိုင်းမှာတွေ့ရှိခဲ့တာဖြစ်ပပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။
ထို“သိင်္ဂီအောင်” ခရီးသည်တင်မှန်လုံယာဉ်ငယ်ပေါ်တင်ဆောင်လာသည့် ကိုမင်းထက် (ပျော်ဘွယ်) အမည်နှင့် ဖုန်းနံပါတ်များပါရှိသော အဝါရောင် ဆာလာအိတ်အတွင်းမှ ၄၀ – မမ သေနတ် (၁) လက်၊ ၎င်းကျည် (၅) တောင့်နှင့် 380 Auto ကျည် (၅၀) တောင့်တို့အား ကတ်ထူစက္ကူ ဂျပ်ဖာဖြင့်ထားသည့် အမြင့် (၁၅) လက်မခန့်၊ လုံးပတ် (၁၉) လက်မခန့်ရှိ အဖြူရောင်ပလပ်စတစ်ပုံးနှင့် အပြာရောင် အဖုံးဖြင့် ပိတ်ထားသည့် အမြင့် (၁၄) လက်မခန့်၊ လုံးပတ် (၂၈) လက်မခန့်ရှိ အဖြူရောင်ပလပ်စတစ်ပုံးအတွင်းမှ ရေချိုငါးပိများနှင့် ရောနှောထားပြီး၊ အဝါရောင်တိပ်၊ ခဲစက္ကူများဖြင့် ပိတ်ထားလျက် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ လက်နက်ခဲယမ်းများနှင့် ပတ်သက်ပြီး၊ ယာဉ်မောင်းဖြစ်သူနှင့် ယာဉ်နောက်လိုက်ဖြစ်သူတို့အား စစ်ဆေးမေးမြန်းရာ၊ ၎င်းလက်နက်ခဲယမ်းများအား ကော့ကရိတ်မြို့နယ် ထို့ကော်ကိုးတောင်ခြေရှိ “သိင်္ဂီအောင်” ကားဂိတ်မှ ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ “သိင်္ဂီအောင်” ကားဂိတ်တို့ ပို့ဆောင်ရန် လူမဲ့တန်ဆာတင်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်းနှင့် ထိုပစ္စည်းအိတ်အား ပျော်ဘွယ်မြို့သို့ ဆက်လက်ပို့ဆောင်ပေးရမည်ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၃) ရက်နေ့ ညပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ်ရှိ ညောင်ခါးရှည် X-ray စက် စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင်မှန်လုံယာဉ်တစ်စီးပေါ်လိုက်ပါလာသည့် ခရီးသည်တစ်ဦးထံမှ ပစ္စတို ၁၆ လက်နှင့် ကျည်ဆံများဖမ်းဆီးရမိခဲ့သေးကြောင်း သတင်းဖော်ပြခဲ့သည်။
Photo-ညောင်ခါးရှည် ray စက် စစ်ဆေးရေးဂိတ်