ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း-ဘုရားသုံးဆူလမ်းမပေါ်ရှိ ပနော်ကလဲခီးကျေးရွာ (ခေါ်) သံပုရာရွာအတွင်း စစ်ကောင်စီလေကြောင်းမှ ပေါင် (၅၀၀) ဗုံးကြဲမှုကြောင့် ဒေသခံတစ်ဦးသေဆုံးကာ ဘုရားကျောင်းတစ်ကျောင်းနှင့် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း KNU (ဗဟို) မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၂၅) ရက်နေ့၊ နံနက် (၁၁) နာရီဝန်းကျင်အချိန်ခန့်တွင် စစ်ကောင်စီ၏ မှော်ဘီ လေစခန်းမှ Y- 12 အမျိုးအစား၊ လေယာဥ်တစ်စီးမှ ယင်း သံပုရာရွာ၏ အနီးဝန်းကျင်အားကင်းထောက်မှုပြုခဲ့ပြီး၊ မွန်းလွဲ (၁၂) နာရီ (၄၈) မိနစ် အချိန်ခန့်တွင် Yak – 130 အမျိုးအစားဂျက်တိုက်လေယာဉ် တစ်စီးမှ ပေါင် (၅၀၀) ဗုံး (၂) လုံးအား ကျေးရွာအတွင်းသို့ ကြဲချသွားခြင်းဖြစ်ကြောင်း KNU (ဗဟို) ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ထိုသို့ စစ်ကောင်စီတပ်မှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ရွာသားတစ်ဦးဖြစ်သူ အသက် (၃၀) နှစ်အရွယ် စောသဲမူး မှာသေဆုံးခဲ့ပြီး၊ အသက် (၃၃) နှစ်အရွယ် နော်အဲ့တာမူး မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း KNU (ဗဟို) က ဆိုထားသည်။
ထို့အပြင် စစ်ကောင်စီ၏ အနန်းကွင်းစစ်ဗျူဟာရုံးကိုလည်း KNU+PDF ပူးပေါင်းတပ်ဖွဲ့က အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်တပ်ဖွဲ့အကြား အထိအခိုက်များစွာရှိကြောင်း စစ်ရေးစောင့်ကြည့်လေ့လာသူများက ဆိုသည်။
Photo- ထိခိုက်ပျက်စီးမှုများ (KNU)
ကရင်ပြည်နယ်
ကြာအင်းဆိပ်ကြီးမြို့နယ်
သံပုရာရွာ
စစ်ကောင်စီလေကြောင်း
ပေါင် (၅၀၀)
ဗုံးကြဲ