စစ်ကောင်စီ ဒုချုပ်စိုးဝင်းဦးဆောင်သည့် မြန်မာ့တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က သတ်မှတ်ခဲ့သည့် ယခုနှစ်အတွက် အခြေခံစပါးရည်ညွန်းဈေးမှာ တောင်သူများအတွက် အခက်အခဲများစွာကြုံတွေ့စေပြီး ကုန်သည်များအကြိုက်ဖြစ်လာနိုင်သည်ဟု လယ်သမားများက ပြောကြားသည်။
“အခုရည်ညွှန်းဈေးက စိုက်စရိတ်တောင်မရတဲ့ဈေးကို ထုတ်ပြန်လာတာတော့ တော်တော်လွန် ပါတယ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းက ဆန်ဈေးကွက်ကို ငွေထုပ်ပိုက်ပြီးတော့ ဝယ်ယူသိုလှောင်သူတွေကို မထိန်းနိုင်ဘူး၊ ခု မြို့နယ်အလိုက် ဆန်ဈေးတည်ငြိမ်ရေးအဖွဲ့ ဖွဲ့ထားပေမယ့် အထက်ကဖွဲ့ခိုင်းလို့ဖွဲ့တဲ့သဘောပဲ၊ ဘာအက်ရှင်မှလည်းမရှိဘူး၊ အဲ့အဖွဲ့လည်း ဘာမှလုပ်လို့မှမရတာ မြို့ကပေါက်ဈေးအတိုင်း ဒီကဝယ်ရောင်းတွေက ဝယ်ရောင်းနေရတာလေ ” ဟု မော်လမြိုင်မြို့နေ အငြိမ်းစားစိုက်ပျိုးရေးအရာရှိတစ်ဦးက ပြောကြားသည်။
သတ်မှတ်စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် စပါးတင်း ၁၀၀ လျှင် ရည်ညွှန်းဈေးငွေကျပ်ကိုးသိန်းခွဲ (၉၅၀,၀၀၀) သတ်မှတ်လိုက်သော်လည်း ပြင်ပတွင် စပါးအမျိုးအစားအလိုက် ငွေကျပ်သိန်းနှစ်ဆယ်မှ သိန်းသုံးဆယ်အထိ ပေါက်ဈေးရှိနေသဖြင့် ရည်ညွန်းဈေးဖြင့် ဈေးနှိမ်ဝယ်ယူလာမည့် ကုန်သည်များအကြိုက်ဖြစ်လာနိုင်ကြောင်း လယ်သမားများက ဆိုသည်။
“အားလုံးသိကြတဲ့အတိုင်းပဲ မိုးစပါးရိတ်ချိန်က တပြည်လုံးနီးပါး မိုးထိကြလို့ အထွက်နှုန်းအတော်ကျတဲ့နှစ်၊ နောက်ပြီးတော့ မျိုးဈေး၊ ပိုးသတ်ဆေး၊ လောင်စာ၊ စက်ပစ္စည်း၊ လုပ်အားခ၊ ဆီဈေး အကုန်တက်နေတော့ ကုန်ကျစရိတ်ပေါင်းလိုက်ရင် သူတို့သတ်မှတ်ဈေးနဲ့ညီနေတော့ ကျွန်တော်တို့အကျိုးအမြတ်မရှိတဲ့အပြင် အရှုံးပါ ပေါ်နေပြီ ” ဟု ပဲခူးတိုင်းဒေသကြီးနေ လယ်သမားတစ်ဦးက ပြောကြားသည်။
ယခုနှစ်မိုးနှောင်းကာလ ရေဘေးကြောင့် မိုးစပါးစိုက်ဧက အတော်များများပျက်စီးခဲ့သဖြင့် ဈေးကွက်အတွင်း စပါးဈေးမြင့်တက်လာသော်လည်း ပဲခူး၊ ဧရာဝတီရှိ အချို့ဒေသများတွင် စပါးအလုံအလောက်ဝယ်ယူ၍ မရသေးကြောင်း သိရသည်။
စစ်ကောင်စီက စပါးဈေးနှင့် ဆန်ဈေးနှုန်းများကို ထိန်းချုပ်ထားပြီး ဈေးကွက်အတွင်းတွင်မူ စပါးဈေးအလိုက် ဆန်ဈေးနှုန်းများမြင့်တက်နေသော်လည်း လယ်သမားများ အကျိုးခံစားခွင့်မရရှိဘဲ ရာသီဥတုဒဏ်အပါအဝင် ယခုအခါ သတ်မှတ်ရည်ညွှန်ဈေးကြောင့် ဆုံးရှုံးမှုဒဏ်ကိုပါ ခံစားလာရတော့မည်ဟု လယ်သမားများက ပြောကြားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ လစဉ်ထုတ်ပြန်သည့် ဈေးနှုန်းထက် အမြတ်အစွန်းရယူရောင်းချနေသူများကို ဖော်ထုတ်အရေးယူရာတွင် သတ်မှတ်နှုန်းထက် ၁၁ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချခဲ့သည့် ဆန်စပါးလုပ်ငန်းရှင် ၂၄ ဦးကို ၎င်းတို့ရရှိခဲ့သည့် အကျိုးအမြတ်များအပေါ် ဒဏ်ကြေးနှင့်အခွန် ထပ်မံ စည်းကြပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Photo-လယ်ယာလုပ်ငန်း