ဝါကျွတ်ကာလ မွန်ပြည်နယ်အတွင်း ပွဲတော်များကျင်းပလာလျှက်ရှိရာ ပွဲတော်အကြောင်းပြု၍ လောင်းကစားဝိုင်းများ ပြောင်ပြောင်တင်းတင်း ဖွင့်လှစ်လာကြောင်း သိရသည်။
အဆိုပါလောင်းကစားဝိုင်းများကို စစ်ကောင်စီနှင့်နီးစပ်သည့်သူများက အဓိကဦးဆောင်လုပ်ကိုင်နေခြင်းဖြစ်ပြီး တရားဝင်ကဲ့သို့ ဖွင့်လှစ်လျှက်ရှိကာ ဒေသခံများအနေဖြင့် ခိုးဆိုးလုယက်မှုများ များပြားလာမည်ကို စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျှက်ရှိသည်။
“ခုဆို ရေးမှာ ပင်လယ်ဝဘုရားပွဲအပါအဝင် ရေးတောင်ပိုင်းက ရွာအချို့မှာ အန်ဂလုံဝိုင်းတွေ၊ သိန်းဆယ်ချီကစားကြတဲ့ ဝိုင်းကြီးတွေပါ လုပ်နေကြပြီ၊ အချို့ဆို ပွဲတော်ရက်က ၅ ရက် ကစားဝိုင်းက ၁ လလောက် ရောင်တော်ပြန်လွှတ်ကြတာလဲရှိတယ်၊ အစင်ရွာအပိုင်ဆို ဇီးဖြူသောင်ဘက်က စစ်တပ်၊ ရဲနဲ့နီးစပ်တဲ့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတွေရဲ့သူတွေက ဦးဆောင်ပြီးတော့ကို လုပ်နေကြတယ်၊ အဲ့လိုလုပ်လို့လဲ အရင်နှစ်တွေကဆို လစ်ရင်လစ်သလို ခိုးတာတွေ၊ လုယက်တာတွေ၊ ရေး-အစင်လမ်းတလျှောက်မှာ ကြုံတွေ့ခဲ့ရပြီးပီဲမို့ သက်ဆိုင်ရာကဂရုပြုပေးသင့်ပြီ ” ဟု ရေးမြို့နေ အငြိမ်းစားအရာရှိတစ်ဦးက ပြောကြားသည်။
ထို့ပြင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်နီးစပ်သည့် ချောင်းဆုံ၊ ပေါင်၊ မုတ္တမစသည့် ဒေသများတွင်လည်း ပွဲတော်အကြောင်းပြုကာ လောင်းကစားဝိုင်းများဖွင့်လှစ်လျှက်ရှိနေပြီး ဒေသခံတို့တင််ပြသော်လည်း ဖမ်းဆီးအရေးယူပေးမှုမရှိခဲပေ။
“လူတွေကို ခိုးယူလုယက်မှုတွေကြောင့် ကြောက်လန့်တဲ့စိတ်ဖြစ်အောင်၊ နိုင်ငံရေးဘက်အာရုံမရအောင်၊ မြို့ရွာတွေမှာ သူတို့အုပ်ချုပ်နေပေမယ့် စည်ကားအေးချမ်းနေတာကိုပြရအောင် အဲ့ရည်ရွယ်ချက်တွေနဲ့ပဲ ပြည်သူတွေကို ဒုက္ခပေးနေသလို ခံစားရပါတယ်။ ကစားဝိုင်တွေက အွန်းလိုင်းမှာ ပေါ်ပေါ်တင်တင်ဖြစ်လာရင် နေရာပြောင်းဖွင့်ကြတယ်၊ သတင်းပို့ရင်လည်း ကြိုပြီးသတင်းပေးလို့ ဖျောက်လိုက်ကြတယ်၊ ပွဲတွေကတော့ ကစားဝိုင်းလုပ်ချင်လို့ သွင်းကြတဲ့ဟန်ပြသဘောလောက်ပဲ လုပ်နေကြတာလဲရှိတယ် ” ဟု မော်လမြိုင်မြို့နေ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။
ပြည်သူများတင်ပြမှုနှင့် အွန်လိုင်းစာမျက်နှာပေါ်တွင် နာမည်ကြီးလာမှုကြောင့် ယမန်နှစ်က မွန်ပြည်နယ်အတွင်းရှိ လောင်းကစားဝိုင်းများအား စစ်ကောင်စီက ဖမ်းဆီးမှုများဆောင်ရွက်ခဲသော်လည်း ယခုနှစ်တွင် ထပ်မံပြီး ပြောင်ပြောင်းတင်းတင်းဖွင့်လှစ်နကြောင်း သိရသည်။
Photo- မွန်ပြည်နယ်မှ လောင်းကစားဝိုင်းများ