ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှ မန္တလေးမြို့သို့ ပို့ဆောင်သည့် ပစ္စတို ၁၆ လက်နှင့် ဆက်စပ်ခဲယမ်းပစ္စည်းများကို ဝေါမြို့နယ် ညောင်ခါးရှည် X – Ray စက်စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးပေါ်မှ ယမန်နေ့ညနေက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကိုကိုနိုင် (ခ) ကိုနိုင် ဆိုသူ၏ထိုင်ခုံ ရှေ့ခြေထောက်နှစ်ဖက်ကြားတွင် ညှပ်ထားသော (စပေါ့) တံဆိပ်ပါ ကျောပိုးအိတ်အတွင်းမှ ခဲစက္ကူများနှင့် ပတ်ထားသော ပစ္စတို (၁၆) လက်၊ ၎င်းကျည်အိမ် (၃၂) ခု၊ 9 mm Luger ကျည် (၃၉၀) တောင့်၊ 380 Auto ကျည် (၁၄၀) တောင့် တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိခဲ့ဟု စစ်ကောင်စီဘက်က ဆိုသည်။
ယမန်နေ့ အောက်တိုဘာလ (၂၃) ရက်နေ့ ည (၆) နာရီခွဲဝန်းကျင်အချိန်ခန့်က အဆိုပါ ညောင်ခါးရှည် X – Ray စက် စစ်ဆေးရေးဂိတ်တွင် မော်လမြိုင်မြို့ဘက်မှ မန္တလေးမြို့ဘက်သို့ မောင်းနှင်လာသော “ရာဇာအောင်” ခရီးသည်တင်မှန်လုံယာဉ်ပေါ်လိုက်ပါလာကြသည့် ခရီးသည်များအနက်မှ ခုံအမှတ် (၁၁) နှင့် (၁၂) တွင်လိုက်ပါလာသည့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ (၁) ရပ်ကွက်၊ လပြည့်လမ်း နေ အသက် (၃၂) နှစ်အရွယ် ကိုကိုနိုင် (ခ) ကိုနိုင် ဆိုသူထံမှ ၎င်းလက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီလုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက “ကိုကိုနိုင် (ခ) ကိုနိုင် က အောက်တိုဘာလ (၂၁) ရက်နေ့မှာ ဘုရားသုံးဆူမြို့ကနေ မော်လမြိုင်မြို့ကို အငှားယာဉ်နဲ့ ထွက်လာပြီးတော့ နဝရတ်တည်းခိုခန်းမှာ (၂) ည တည်းခိုခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။ မော်လမြိုင်မြို့ကနေ မန္တလေးမြို့ကို အောက်တိုဘာလ (၂၃) ရက်နေ့ညနေပိုင်းမှာ “ရာဇာအောင်” ခရီးသည်တင်မှန်လုံယာဉ်နဲ့ လိုက်ပါလာစဉ်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ လက်နက်ခဲယမ်းများအား ဘုရားသုံးဆူမြို့၊ ကရင်စုပိုင်း (၃) လမ်းထပ်နေ သက်ပိုင်ဦး ဆိုသူမှ မန္တလေးသို့ ပို့ဆောင်ခအဖြစ် ထိုင်းဘတ်ငွေ (၂၀၀၀၀) ကျပ်ဖြင့် သွားရောက်ပို့ဆောင်ပေးစဉ် ယခုကဲသို့ အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့၊ ကျွဲဆည်ကန် ကားဝင်းသို့ ရောက်ရှိပါက သက်ပိုင်ဦး ဆိုသူထံ ဆက်သွယ်ပြီး ယင်းလက်နက်ခဲယမ်းများအား ပေးရမည်ဖြစ်ကြောင်းလည်း ထွက်ဆိုထားကြောင်း ကိုကိုနိုင် (ခ) ကိုနိုင် ဆိုသူမှ ထွက်ဆိုချက်ပေးထားကြောင်း ၄င်းက ဆိုသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိထားသည့် ကိုကိုနိုင် (ခ) ကိုနိုင် ဆိုသူအား ဥပဒေနှင့်အညီအမှုဖွင့်အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများကိုလည်း ဆက်လက်စုံစမ်းဖေါ်ထုတ်နေသည်ဟု ဆိုသည်။
Photo- ကိုကိုနိုင် (ခ) ကိုနိုင်နှင့်အတူ ဖမ်းဆီးမိသော ပစ္စတိုလက်နက်များ