(၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံကို မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် နေပြည်တော်၌ လက်ခံ ကျင်းပလျက်ရှိရာ ဖွင့်ပွဲအား ယနေ့ အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီးရာပြည့်မှ ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံအား အောက်တိုဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင်လည်း ဆက်လက်ကျင်းပလျက်ရှိပြီး မူးယစ်ဆေးဝါးမှောင်ခိုမှု၊ အကြမ်းဖက်မှု၊ လက်နက်မှောင်ခိုမှု၊ လူကုန်ကူးမှု၊ တောရိုင်းတိရိစ္ဆာန်ဆိုင်ရာပြစ်မှု၊ ပင်လယ်ရေကြောင်းဆိုင်ရာလိမ်လည်မှု၊ စီးပွားရေးဆိုင်ရာမှုခင်း၊ ဘဏ်မှုခင်းများ၊ ခရက်ဒစ်ကတ်လိ-မ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှု၊ ခရီးသွားစာရွက်စာတမ်း အတုပြုလုပ်မှုနှင့် နိုင်ငံဖြတ်ကျော်လိမ်လည်မှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အီလက် ထရောနစ် Database စနစ်(e-ADS)အသုံးပြုရေး၊ မှုခင်းဆိုင်ရာကိစ္စများတွင် အပြန်အလှန် အကူအညီပေးရေး၊ အာဆီယံရဲအဖွဲ့များကြား အပြန်အလှန်လေ့ကျင့်သင်တန်းပေးရေးနှင့် အာဆီယံရဲအဖွဲ့ မှုခင်းသိပ္ပံကွန်ရက်တည်ထောင်ရေးတို့ကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲသို့ အထူးဧည့်သည်တော်အဖြစ် အပြည်ပြည်ဆိုင်ရာအဖွဲ့ (INTERPOL) ဥက္ကဋ္ဌ Mr. Ahmed Naser Al-Raisi နှင့် အာဆီယံရဲအဖွဲ့ဝင်နိုင်ငံများမှရဲချုပ်များ၊ အဆင့်မြင့်ရဲအရာရှိကြီးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ ဆွေးနွေးဘက်နိုင်ငံနှင့်အဖွဲ့အစည်းများဖြစ်သည့် ရုရှား၊ ဩစတြေးလျ၊ တရုတ်၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ (INTERPOL)၊အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
Photo- (၄၂)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံဖွင့်ပွဲ