ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် “မကြီးကြီးလမ်း” ဟု ခေါ်သော အထင်ကရလမ်းမကြီး တစ်လမ်းတည်ရှိပါသည်။
မကြီးကြီးလမ်းသည် ပြည်လမ်းနှင့် ရှမ်းလမ်းကို ဆက်သွယ်ထားသည့် လမ်းမကြီးလည်း ဖြစ်ပါသည်။ မကြီးကြီးလမ်းဟု ဂုဏ်ပြုမှည့်ခေါ်ခံခဲ့ရခြင်းမှာ မိမိပိုင်မြေများထဲမှ လမ်းဖောက်လုပ်ရန် မြေလှူဒါန်းခဲ့သောကြောင့် ဖြစ်သည်။
မကြီးကြီးသည် မိဘဘိုးဘွားများ လက်ထက်ကပင် ချမ်းသာကြွယ်ဝခဲ့သူ ဖြစ်သည်။
မိဘဆွေမျိုး
၁၈၇၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် ဦးရိုး၊ ဒေါ်ရွှေသီး တို့မှ ဖွားမြင်သည်။ ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်အတွင်း ထင်ရှားသည့် ဦးကြွယ်ဟိုးလမ်းဟု ဂုဏ်ပြုခေါ်ခံရသူ သင်္ကန်းပရိက္ခရာ တိုက်ပိုင်ရှင် ဦးကြွယ်ဟိုး နှင့် ဒေါ်စုံ တို့မှာ မကြီးကြီး၏ ဘိုးဘွားများ ဖြစ်သည်။
ပိုင်မြေများ
ပိုင်ဆိုင်သော မြေဧက ၄၀ ခန့်ပင်ရှိသည်။ မုန့်လုပ်ဆောင်းကုန်း၊ ဝေဠုဝန်၊ စိန့်မေရီကျောင်း၊ ပြည်တော်သာ တိုက်ခန်း၊ ကမာရွတ် အထိ ပိုင်ဆိုင်သည်။
မြေယာ အများအပြား ပိုင်ဆိုင်သော်လည်း အများအကျိုးအတွက် လှူဒါန်းခဲ့သူ ဖြစ်သည်။ ရွှေတိဂုံ စေတီတော်ကို ၁၀ ဧက လှူဒါန်းဖူးသော်လည်း စေတီတော် နှင့် ဝေးကွာသည့် အတွက် လူနေရပ်ကွက်များ ဖြစ်သွားခဲ့သည်။
ဟံသာဝတီ ဘူတာ ဘက်တွင် အင်္ဂလိပ်စာသင် ကျောင်းနဲ့အပြိုင် စာသင်ကျောင်းတစ်ကျောင်း ဆောက်လုပ်လှူဒါန်းပြီး ကျောင်းအုပ် အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့သလို ကိုယ်တိုင်စာသင်ခဲ့သူဖြစ်သည်။ သံပုံချိုင့်ဟုခေါ်သည့် ရွှေတိဂုံခြေရင်းမှ မြေကို ဝယ်ယူကာ သိဂုင်္တရပန်းခြံကို ဖြစ်လာစေခဲ့သူလည်းဖြစ်သည်။
ယခုပြည်လမ်းနဲ့တက္ကသိုလ်ရိပ်သာလမ်း ထောင့်တွင်ရှိသည့် ရန်ကုန်တက္ကသိုလ်ကိုစတင်ဖွင့်လှစ်ခဲ့ရာနေရာသည်လည်း မကြီးကြီးပိုင်ဆိုင်သည့်မြေဖြစ်ပြီး ပြန်လည်ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။
ဘဝနိဂုံး
ဦးကြာညွန့် နှင့် လက်ဆက်ကာ ဦးကျော်စိန်၊ ဆာမောင်ကြီး ကတော် ဖြစ်လာပြီး လေဒီမောင်ကြီး ဟု ထင်ရှားသူ ဒေါ်ဧရီ နှင့် ဒေါ်ထားတင် တို့ကို ဖွားမြင်ခဲ့သည်။ ဒေါ်ကြီးကြီးသည် အသက် (၈၂)နှစ်အရွယ် ၁၉၅၂-ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။