သန်းခေါင်စာရင်းကောက်ကွက်ပေါင်း (၃၆၇၅) ကွက်ရှိသည့် မွန်ပြည်နယ်အတွင်း ကောက်ကွက်ပေါင်း (၂၆၀၀) ကျော် စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း ပြည်နယ်လဝကရုံးနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့တဲ့ အောက်တိုဘာလ (၁) ရက်နေ့ကနေ အောက်တိုဘာလ (၁၅) ရက်နေ့အထိကို ကောက်ကွက်ပေါင်း (၂၆၀၃) ကွက် ကောက်ယူထားနိုင်ပြီးတော့ အိမ်ထောင်စုပေါင်း (၃၃၀၀၀၀) နီးပါးကောက်ယူထားနိုင်ပြီးလို့ သိရပါတယ်။ လူဦးရေစုစုပေါင်းက (၁,၂၄၀,၀၀၀) ကျော်ကို စာရင်းကောက်ယူထားနိုင်ပြီးလို့ သိရပါတယ်” ဟု ပြည်နယ်လဝကရုံးနှင့် နီးစပ်သူတစ်ဦး ကပြောကြားသည်။
သန်းခေါင်စာရင်းအား ယခင်က အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း အပြီးကောက်ယူနိုင်ရန် စီစဉ်ထားသော်လည်း လုံခြုံရေးအခြေအနေအပါအဝင်အခြားသော အခက်အခဲများကြောင့် သန်းခေါင်စာရင်းကောက်ယူမည့်ရက်ထပ်တိုးထားရသည်ဟု သိရကြောင်း ၎င်းကဆိုသည်။
သန်းခေါင်စာရင်းကောက်ယူသည့်အဖွဲ့တစ်ဖွဲ့တွင် လဝက၊ ကျောင်းဆရာ၊ ဆရာမများနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအပါအဝင် အဖွဲ့ဝင် (၇) ဦးဖြင့်ဖွဲ့စည်းထားကြောင်းနှင့် လုံခြုံရေးအနေဖြင့် စစ်ကောင်စီတပ်အပါအဝင် ရဲတပ်ဖွဲ့၊ ပြည်သူ့စစ် နှင့် ပျူစောထီးအဖွဲ့များလည်း ပူးပေါင်းပါဝင်အားဖြည့်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံအတွင်း သန်းခေါင်စာရင်းကောက်ယူမှုအား အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ စာရင်းစစ်၊ စာရင်းကောက် (၄၂၀၀၀) ခန့်ဖြင့် (၁၅) ရက်ကြာကောက်ယူခဲ့ရာ၊ အကြောင်းအမျိုးမျိုးကြောင့် အကောက်မခံရသေးသူမျး ကျန်ရှိနေသောကြောင့် အောက်တိုဘာလ (၃၁) ရက်နေ့အထိ ရက်ထပ်တိုးကာ ဆက်လက်ကောက်ယူသွားမည်ဖြစ်ကြောင်းကို စစ်ကောင်စီမှ အသိပေးထားသည်။
ထိုသို့ သန်းခေါင်စာရင်းအကောက်မခံရသေးဘူးများအနေဖြင့် သန်းခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရန် သက်ဆိုင်ရာ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု သန်းခေါင်စာရင်းကောက်မတီ၊ မြို့နယ်သန်းခေါင်စာရင်းကောက်မတီထံသို့ ဆက်သွယ်နိုင်ကြောင်းနှင့် ဆက်သွယ်လာသူများကို ပြန်လည်စာရင်းကောက်ယူပေးသွားမည်ဖြစ်ကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။
Photo-စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်က သန်းခေါင်းစာရင်းကောက်ယူမှုကို လိုက်လံကြည့်ရှုစဥ်။