နိုင်ငံအနှံ့ နယ်စပ်ဖြတ်ကျော် စားသောက်ကုန်ပစ္စည်းများ ဖမ်းဆီးခံရမှုပိုမိုများပြားလာမှုကြောင့် အဓိကအသုံးပြုနေရသည့် ဒေသခံပြည်သူများ အခက်အခဲကြုံတွေ့လာနေကြောင်း သိရသည်။
ရန်ကုန်ဆိပ်ကမ်းအပါအဝင် စစ်ကောင်စီ၏ အဓိကစစ်ဆေးရေးစခန်းများ၊ တံတားကြီးများနှင့် ပစ္စည်းသိုလှောင်သည့်ဂိုဒေါင်များ၊ သိုလှောင်ရုံများအထိပါ လိုက်လံဖမ်းဆီးနေမှုကြောင့် ဒေသတွင်း အရောင်းအဝယ်နည်းပါးလာပြီး ကုန်စည်ပြတ်လပ်မှုနှင့် ဈေးနှုန်းမြင့်တက်မှု ကြုံတွေ့လာနေရကြောင်း ကုန်သည်ကြီးများထံက သိရသည်။
” အဓိကခံရတာ ပြည်သူတွေပဲ၊ အဓိက ဂိတ်စခန်းတွေကဖမ်းတော့ နယ်စပ်အဝင်ကနေ တောက်လျှောက် ဂိတ်သေးတွေကအစ ငွေတိုးကောက်တော့တာပဲ၊ ပြည်သူတွေက အရည်အသွေးပိုင်းအရ တရုတ်ကိုထားလိုက်တော့၊ တောင်ပိုင်းနဲ့ ရန်ကုန်ကဆို ထိုင်းစားသောက်ကုန်တွေနဲ့ပဲ အသုံးပြုနေကြရတာလေ၊ ဇိမ်ခံပစ္စည်းဆို ထားလိုက်ပါတော့၊ နောက် ပြည်တွင်းက အရည်အသွေးရော လုံလောက်အောင်ရောမလုပ်နိုင်ကြဘူး၊ မှောင်ခိုစနစ်ဖြစ်အောင်တွန်းပို့နေသလိုဖြစ်နေတယ်၊ အစိုးရက နိုင်ငံခြားဝင်ငွေနည်း သွားတော့ နိုင်ငံခြားငွေကန့်သတ်ဖို့ သွင်းကုန်တွေကို လိုင်စင်မချပေးဘူး။ အဲဒီတော့ တရားမဝင် လုပ်ရလို့ ဈေးတွေကတက်တယ်၊ နောက်တစ်ခုက နိုင်ငံခြားငွေဈေးအလိုက် နယ်စပ်ကုန်စည်တွေကဈေးအပြောင်းလဲရှိပေမယ့် တရားဝင်ကုန်စည်တွေက ခုထိ ဈေးမာဆဲပဲ၊ ဆေးအချို့ဆို ဈေးတွေတောင်တက်တာရှိတယ်၊ ဒါတွေကိုလည်း အစိုးရပ ဘာမှမလုပ်ပေးနိုင််ဘူး”’ ဟု ကုန်စည်ဖြန့်ချိရေး လုပ်ကိုင်နေသူတစ်ဦးက ပြောကြားသည်။
ဒုကာချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းက တရားမဝင်ကုန်စည်များအား ဈေးကွက်အထိ လိုက်လံစစ်ဆေးဖမ်းဆီးရန်ညွှန်ကြားပြီနောက် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် အဖမ်းဆီးကြမ်းလာပြီး စားသောက်ကုန်များအပြင် လိုင်စင်မဲ့ကား၊ သစ်နှင့် လုပ်ငန်းသုံးပစ္စည်းများကိုပါ ဖမ်းဆီးအရေးယူလျက်ရှိသည်။
“သတင်းတွေကအမျိုးမျိုးပဲ၊ ခုလကုန်အထိအပြီး ဖမ်းမယ်လည်းကြားနေရတယ်၊ ခု တင်လို့ရတဲ့လမ်းကြောင်းကို အရင်မေးပြီးတင်နေရပေမယ့် အဓိကဂိတ်ကြီးတွေကို ဖြတ်မယ့်ကားတွေကတော့ လောလောဆယ် မသွားတော့ဘူး၊ ခု လက်နက်ကိုင်အဖွဲ့ကိုယ်စီကိုလည်း ဂိတ်ကြေးက အရင်ကထက် ပိုပေးလာရတော့ ဈေးတွေတော့ တက်လာပါဦးမယ်၊ စားဝတ်နေရေးအတွက်နဲ့ အသက်အန္တရာယ်နဲ့သွားလာနေရတဲ့ ကားလိုင်းတွေ၊ ကားသမားတွေလည်းနစ်နာတယ် ” ဟု မော်လမြိုင်-မြဝတီပြေးဆွဲနေသည့် ကုန်ကားမောင်းသူတစ်ဦးက ပြောကြားသည်။
စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်တိုက်ဖျက်ရေးကော်မတီမှတ်တမ်းများအရ ယခုလ ၁၆ ရက်နေ့မှ ၂၀ ရက်နေ့ထိ အမှုတွဲ (၉) မှု ကျပ်သိန်းခြောက်ထောင်ကျော်ရှိ ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Photo-ထိုင်းကုန်ပစ္စည်းများ