မွန်ပြည်နယ်အတွင်း လုံခြုံရေးစိတ်မချရသည့်ဒေသများတွင် စစ်တပ်အင်အားများစွာ အသုံးပြုလာကာ သန်းခေါင်စာရင်း ထပ်မံကောက်ယူနေပြီး လမ်းသွားလမ်းလာလူငယ်များ ဖမ်းဆီးစစ်ဆေးခံရမှု ပိုမိုများပြားလာနေကြောင်း သိရသည်။ ‘
သို့ရာတွင် ဖမ်းဆီးမှုများမှာ ငွေညှစ်လိုသည့်သဘောသာဖြစ်သောကြောင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ငွေကြေးပေးကမ်း၍ ညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး ပြန်လည်လွတ်မြောက်လာကြသော်လည်း ဖြစ်စဥ်များအား နာမည်နှင့်တကွဖော်ပြရန် မဖြစ်နိုင်ကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။
“ရေးမြို့နယ်မှာဆိုရင် ရေးအရှေ့ပိုင်း ကျောင်းရွာမှာ ဆက်ကောက်နေတယ်၊ ရေးကနေ ကျောင်းရွာအထိ အဲ့လမ်းတလျှောက်က တော်လှန်ရေးတပ်တွေလည်း လှုပ်ရှားနေကြတာ ခပ်စိတ်စိတ်ဆိုတော့ ခု စာရင်း ကောက်တဲ့ကာလမှာ အင်အားရာနဲ့ချီပြီးတော့ စစ်တပ်က နေရာယူကင်းပုန်းဝပ်တယ်၊ လူငယ်တွေကို အဓိကစစ်မေးတယ်၊ သူတို့စိတ်တိုင်းမကျရင် တပ်ကိုဖမ်းခေါ်သွားတာပဲ၊ ရွာကလာရွေးရင် ပြန်လွတ်တယ်၊ ငွေပေးရခဲ့ရတယ်” ဟု ဟု ရေးမြို့နေ မြို့ခံတစ်ဦးက ပြောသည်။
မွန်ပြည်နယ်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူခဲ့ပြီး သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၃၆၇၅ ကွက်အား စာရင်းစစ်၊ စာရင်းကောက် (၁၂၀၂) ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကာ ယခုအခါ လုံခြုံရေးအရ စိတ်မချရသည့်ဒေသများတွင် ထပ်မံကောက်ယူနေခြင်းဖြစ်သည်။
ဆက်လက်၍ ၄င်းက “ရေးအဏ္ဏဝါရပ်ကွက်မှာ ရှေ့ရက်တွေက သန်းခေါင်းစာရင်းကောက်ပြီး နောက်ရက်တွေ ဧည့်စာရင်းဝင်စစ်တယ်၊ လူငယ်တွေ အသွားလာနည်းသလို ဒေသခံတွေအနေနဲ့လည်း အသွားအလာအတော်နည်းသွားတယ်၊ လမ်းမှာတိုက်ပွဲဖြစ်မှာ စိုးရိမ်တာလဲပါတယ်၊ ရေးမြို့မှာတောင် နယ်ကလူတွေ ခု သိပ်မလာကြတော့လို့ အရောင်းအဝယ်တောင်ပါးတယ်” ဟု ဆိုသည်။
သန်းခေါင်စာရင်းကောက်ခံရာတွင် လုံခြုံရေးအရ စိတ်မချရသလို အင်တာနက်မကောင်းသည့်နေရာများတွင် စာရွက်ဖြင့်ရေးမှတ်လာခဲ့ကြောင်း သံဖြူဇရပ်မြို့နယ်မှ လဝကဝန်ထမ်းတစ်ဦးက ပြောသည်။
”ဘယ်လောက်ပဲ အပြည့်ကောက်မယ်ပြောပြော မရနိုင်ဘူး၊ ရပ်ရွာကလူတွေ မလုံခြုံသလိုခံစားနေရနဲ့ နောက်ပြီး မေးတာကလည်း အရွယ်ရောက်ပြီးသူတွေပဲ အဓိကမေးရတာ၊ သူတို့ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဒါတွေပဲအဓိကမေးရတာ၊ ကျန်တာကို သတ်မှတ်နေရာရောက်ရင် ဖြည့်ယူကြတာပါပဲ၊ tablet တွေကလည်း လိုင်းမကောင်းတော့ ဟန်နဲ့ပဲကိုင်ပြီး စာအုပ်နဲ့ပဲ မှတ်ရတာက ပိုများပါတယ် ” ဟု ၄င်းက ပြောသည်။
မွန်ပြည်နယ်အနေဖြင့် လုံခြုံရေးအဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ (၇၃.၆၃) ရာခိုင်နှုန်းကောက်ယူရန် ရည်ရွယ်ထားပြီး အောက်တိုဘာ (၁၅)ရက်နေ့ နောက်ပိုင်းတွင် လုံခြုံရေးထပ်မံရယူကာ တစ်ပြည်နယ်လုံးရာနှုန်းပြည့် ကောက်ယူနိုင်ရေးဆောင်ရွက်ရန် မွန်ပြည်နယ် နယ်လုံဝန်ကြီးက ပြောကြားထားသည်။
Photo-ရေးမြို့နယ် ငါးလုပ်ငန်းခွင်တစ်ခုအတွင်း သန်းခေါင်းစာရင်း လာကောက်ပုံနေစဥ်။ (Social Media)


