သထုံမြို့တွင် ဗျောက်အိုးဖောက်ကစားသူ လူငယ် (၃) ဦးအား စစ်ကောင်စီမှ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ယမန်နေ့ အောက်တိုဘာလ (၂၀) ရက်နေ့ ည (၈) နာရီဝန်းကျင်အချိန်ခန့်က သထုံမြို့ပေါ်တွင် ဗျောက်အိုးဖောက်ကစားနေကြသူများအား လုံခြုံရေးကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်း မြို့ခံတစ်ဦးက ပြောကြားသည်။
“ဗျောက်အိုးပေါက်တဲ့အသံက သေနတ်သံလိုလို၊ ဗုံးသံလိုလိုဖြစ်နေကြောင့် လှည့်ကင်းအဖွဲ့က လိုက်ရှာကြတဲ့အခါမှာ ရန်ကုန် – မော်လမြိုင်ကားလမ်း “စည်သူထွန်း” စားသောက်ဆိုင်အနီးမှာ ကောင်လေး (၃) ယောက်ကိုတွေ့လို့ သွားဖမ်းတာကို ကောင်လေးတွေက ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးခဲ့ရတာလို့ ကြားသိရပါတယ်” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
ထိုသို့ လုံခြုံရေးကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အသက် (၁၇) နှစ်အရွယ် မင်းချစ်သူ ဆိုသူတွင် ဘယ်ဘက်ခြေသလုံးတွင် ကျည်ဖောက်ဝင်ဒဏ်ရာ၊ အသက် (၁၇) နှစ်အရွယ် အာကာဖြိုး ဆိုသူတွင်ဘယ်ဘက်ခြေသလုံး နှင့် ညာဘက်ပေါင်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ပြီး ၎င်းတို့အား သထုံခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုပေးထားကြောင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
“ဗျောက်အိုးဖောက်နေတဲ့ (၃) ယောက်မှာ (၂) ယောက်ကိုတော့ ဖမ်းဆီးရမိခဲ့တယ်။ တစ်ယောက်ကတော့လွတ်သွားတယ်။ သူတို့ဆီကနေ ကြွတ်ကြွတ်အိတ်အမဲရောင်နဲ့ထုတ်ထားတဲ့ ယမ်းတွေသုတ်လိမ်းထားတဲ့ ကျောက်စရစ်ခဲ (၈) လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်” စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ထိုဖြစ်စဉ်နှင်ပတ်သက်ပြီး ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့် သီတင်းကျွတ်ကာလအတွင်း ညပိုင်းများတွင် မီးပုံပျံလွှတ်တင်ခြင်းများ၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများနှင့်အတူ ဗျောက်အိုးဖောက်ကာ ဆော့ကစားခြင်းများလုပ်ဆောင်လေ့ရှိကြကြောင်း သိရသည်။