မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းပြုလုပ်မည့် ရုရှားစစ်ရေယာဉ် ၄ စင်း ယမန်နေ့က ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းကို ရောက်ရှိလာကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ရုရှားရေတပ် Russian Pacific Fleet ကော်ဗက်စစ်ရေယာဉ် ၄ စင်းသည် ဒုတိယအကြိမ် မြန်မာ-ရုရှား နှစ်နိုင်ငံရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန်နှင့် ချစ်ကြည်ရေးခရီး လည်ပတ်ရန်အတွက် ရောက်ရှိလာခြင်းဖြစ်သည်ဟု သတင်းဖော်ပြသည်။
ရုရှားစစ်ရေယာဉ်များမှ အရာရှိ၊ စစ်သည်များသည် ရန်ကုန်မြို့၏ အထင်ကရနေရာများအား သွားရောက်လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည် ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီးက သတင်းထုတ်ပြန်ထားသည်။
အလားတူစစ်ကောင်စီ ရေကြောင်းလုံခြုံရေးတပ်ဖွဲ့က ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းရေပြင်၌ ပင်လယ်ပြင်လေ့ကျင့်ခန်းအား အောက်တိုဘာ (၂၀) ရက်မှ (၂၄)ရက်အထိပြုလုပ်လျှက်ရှိကြောင်း သတင်းဖော်ပြခဲ့သည်။
ပထမအကြိမ် မြန်မာ-ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်း ရေပြင်တွင် ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်မှုများ ပါဝင်သော ပင်လယ်ပြင် လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့သည်။
Photo- ရုရှာရေတပ်အရာရှိများ သီလဝါဆိပ်ကမ်းရောက်ရှိလာစဥ်။