ကရင်ပြည်နယ် မြဝတီတောင်ခြမ်းက စွယ်တော်စခန်းအား စစ်ကောင်စီအောက်ခြေတပ်ဖွဲ့နှင့် ညှိယူ၍ ကရင်အမျိုးသားတပ်မတော် KNLA တပ်ဖွဲ့ သိမ်းပိုက်ခဲ့ဟု စစ်ကောင်စီလော်ဘီများက တယ်လီဂရမ်ပေါ်မှ ရေးသားထားသည်။
“သစ္စာမဲ့တဲ့ သူတွေကြောင့် KNU+PDFတွေ စွယ်တော်စခန်းကို အလွယ်တကူသိမ်းယူပြီးအပြန် လေးကေကော်က PDF နဲ့ CDMတွေကြိုဆိုနေတဲ့ လေးကေကော်နဲ့ မင်းလက်ပံရွာနားက စစ်ဘေးရှောင်အမည်ခံထားတဲ့ရွာပါ၊ လေတပ်က တိုက်လေယာဉ်အုပ်စုလိုက်ဗုံးကျဲသင့်ပါတယ် ဗုံးကျဲမယ်ဆိုလဲ JOC တို့ ဘာတို့ကအစ အသိမပေးမှ သတင်းလုံခြုံမှာပါ သစ္စာဖောက်လောက် ကောင်တွေက နေရာတော်တော်များများမှာရှိနေပြီနော် စခန်းဟာ တိုက်ယူတာ မဟုတ်ဘူး ညှိယူလိုက်တာပါ ပုံတွေကိုကြည့်သိသာနေပါတယ်” ဟု စစ်ကောင်စီလော်ဘီက ဆိုထားသည်။
သို့ရာတွင် လေးကေ့ကော်မြို့အနီးရှိ စစ်ကောင်စီတပ်၏ မစခ−၆၀၆ လက်အောက်ခံအမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားသော စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းအား KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့မှ ယမန်နေ့ အောက်တိုဘာလ (၁၇) ရက်နေ့ နံနက် (၄း၃၀) အချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို မှ အောက်တိုဘာလ (၁၈) ရက်နေ့ မနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။
စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်း မှာ (၂၀၀၃) ခုနှစ်မှ စတင်ကာ ထိုင်း − မြန်မာ နယ်စပ်တပ်စခန်းအဖြစ် စစ်ကောင်စီတပ်မှ စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်များမှ တာဝန်ယူခဲ့ကာ (၂၀၂၁) ခုနှစ် မြန်မာစစ်တပ်မှ အာဏာသိမ်းသည့် အချိန်မှစပြီး တပ်မ (၂၂) တပ်မ (၄၄) နှင့် ကမ်းရိုးတမ်းတပ်များပါ လာရောက်တပ်စွဲခဲ့သော တပ်စခန်းတစ်ခု ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ယင်းစွယ်တော်ကုန်းတပ်စခန်းသည် ထိုင်း – မြန်မာနယ်စပ်တွင်တည်ရှိကာ နယ်မြေစိုးမိုးရေးနှင့် နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်တည်ဆောက်ထားသော တပ်စခန်းတစ်ခုဖြစ်ပြီး လေးကေ့ကော်မြို့သစ် သို့ ကျူးကျော်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးသည့် အချိန်မှစပြီး မြဝတီနှင့် ဖလူးဒေသတစ်လျှောက် လက်နက်ကြီးများနှင့် ပစ်ခတ်ကာ ပြည်သူလူထုအား အမြဲတစေ လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော တပ်စခန်း တစ်ခုလည်းဖြစ်ကြောင်း KNU ဆိုထားသည်။
ထိုတပ်စခန်းအား KNU နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့မှ (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး စခန်းသိမ်းပိုက်စဉ် အတွင်း စစ်သုံ့ပန်းများအပြင် စစ်ကောင်စီတပ်များထံမှ (၁၂၀) မမ လက်နက်ကြီး (၂) လက်၊ ပွိုင့်ဖိုက် (၁) လက်နှင့် လက်နက်ငယ်များအပါအဝင် ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း KNU မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဓါတ်ပုံ − စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းထံမှသိမ်းဆည်း ရမိခဲ့သော လက်နက်ခဲယမ်းများနှင့်အတူတွေ့ရသော KNU နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ။