ရေးမြို့နယ် စံပြကျေးရွာအနီး ယခုရက်ပိုင်းက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ပူးပေါင်းတပ်ဖွဲ့များ အကြား နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၇) ရက်နေ့၊ နံနက် (၅) နာရီ (၄၀) မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး(၃) ဦး ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို မှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
စံပြကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော (ခမရ – ၅၈၈) တပ်ဖွဲ့တစ်ခုအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ပြောက်ကျား စနစ်ဖြင့် သွားရောက်ပစ်ခတ်ရာ စစ်ကောင်စီတပ်မှ (၅) ဦး သေဆုံပြီး (၃) ဦး ဒဏ်ရာ ရခဲ့ကြောင်း ယနေ့ အောက်တိုဘာလ (၁၉) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း Ye Guerrilla Force ရေးပြောက်ကျားတပ်မှ ရဲဘော်မိုးကြိုး နှင့် ဒေါနတပ်ရင်းမှ စနိုက်ဘာတပ်ခွဲမှ ရဲဘော်တစ်ဦးသေဆုံးခဲ့ကြောင်း PDF များက ဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ထံမှ (MA-1) တစ်လက်၊ (MA-2) တစ်လက်၊ ကျည်ဘောက် နှစ်ခု နှင့် ကျည် ၅၀ တောင့် ကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု KNU က ရေးသားသည်။
ထို စံပြကျေးရွာသို့ တပ်စွဲထားသော စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် အခြားကျေးရွာများအတွင်းသို့ ရမ်းသမ်း၍ သော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း အမြဲတစေ ပစ်ခတ်လျှက်ရှိကြောင်း၊ ပြည်သူများအား စိတ်ဓာတ်အရခြောက်လှန့်ခြင်း၊ ဥယာဥ်ခြံမြေသို့ အလုပ်သွားမည့် အပြစ်မဲ့ ရွာသူ/ရွာသားများအား တင်းကြပ်စွာ စစ်ဆေးမေးမြန်းမှုများပြုခြင်း နှင့် ခရီးသွားပြည်သူများအား အနှောက်အယှက်ပြုခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုများပြုသည့် စစ်ကောင်စီ၏ တပ်ရင်း တစ်ခုဖြစ်ကြောင်းလည်း KNU (ဗဟို) က ဆိုထားသည်။
စံပြကျေးရွာသည် ယခင်မြန်မာစစ်တပ်ထံ လက်နက်ချခဲ့ကြသော ကရင်လက်နက်ကိုင်ဟောင်းများနှင့် မိသားစုဝင်များနေထိုင်ရန်အတွက် တည်ဆောက်ပေးထားသော ငြိမ်းချမ်းရေးရွာတစ်ရွာဖြစ်ကြောင်း သိရသည်။