စစ်ကောင်စီအား ထိုးစစ်ဆင်တိုက်ခိုက်မှုများရပ်ဆိုင်းရန် တရုတ်သံသမန်များ၏ ပြောကြားမှုကို လက်မခံသောကြောင့် ကချင်တော်လှန်ရေးတပ်ဖွဲ့ KIO/KIA အဖွဲ့ထိန်းချုပ်ထားသည့် တရုတ်နယ်စပ်ဂိတ်များအားလုံးကို တရုတ်အစိုးရက ယနေ့(အောက်တိုဘာ ၁၉) မှ စတင်ပိတ်လိုက်ကြောင်း သတင်းရရှိသည်။
တရုတ်အစိုးရ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းခေါင်းဆောင်သည့် သံတမန်များက KIO/KIA ယာယီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နှင့် လွန်ခဲ့သည့်နှစ်ရက်က ယူနန်ပြည်နယ်၌ ခေါ်ယူတွေ့ဆုံခဲ့ပြီး စစ်ကောင်စီကို ဆက်လက်ဆန့်ကျင်တိုက်ခိုက်မှုမပြုရန် ပြောကြားခဲ့ရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ ခေါင်းဆောင်က လက်မခံပယ်ချခဲ့သည်ဟု သတင်းရင်းမြစ်အချို့က ဆိုကြသည်။
လိုင်ဇာဒေသခံတစ်ဦးက “တရုတ်ဘက်ကနေ လိုက်ဇာဘက် အဝင်ကို လူရော၊ ကုန်ကားတွေရာ ပေးမသွားတာ့ဘူး။ ဒီမနက်ပိုင်းကစတယ်၊ ဒါပေမယ့် လိုင်ဇာကနေ တရုတ်ဘက်ကို ဝင်တာတာ့ ဒီနေ့ရသေးတယ်၊ တရုတ်လူမျိုးတွေ လိုင်ဇာဘက်မှာ ကျန်နေသေးလို့လည်း ဖြစ်နိုင်တယ်”ဟု ဆိုသည်။
တရုတ်အစိုးရ အနေဖြင့် ကချင်-တရုတ်နယ်စပ် ဖြစ်သည့် နားဘန်း – လိုင်ဇာ နယ်စပ်ဂိတ်၊ Xima – Kadang နယ်စပ်ဂိတ်များ၏ အခြေခံ အဆောက်အဦးများကို အဆင်မြှင့်တင်ဖို့ လိုအပ်သည့်အတွက် ခရီးသည်များနှင့် ကုန်စည်များ ဖြတ်သန်းခွင့်ကို အောက်တိုဘာလ ၁၈ ရက်နေ့ ညသန်းခေါင်အချိန်မှ စတင်၍ ယာယီ ဆိုင်းငံ့ထားကြောင်း သတင်းထုတ်ထားပြန်ထားသည်။
စစ်ကောင်စီတပ်ဖွဲ့များကို ဆက်လက်ထိုးစစ်မဆင်ရေးအတွက် တရုတ်အစိုးရက မြောက်ပိုင်းညီနောင်တပ်ဖွဲ့များအပါအဝင် UWSA ဝနှင့် ကချင်တပ်ဖွဲ့ကိုလည်း ဆက်တိုက်ဖိအားပေးနေပြီး ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်(MNDAA)၊ တအာင်းတပ်(TNLA) ထိန်းချုပ်နယ်မြေများရှိ နယ်စပ်ဂိတ်များအား ပိတ်ပင်ကာ ကုန်စည်စီးဆင်းမှု ဖြတ်တောက်ထားကြောင်း သိရသည်။