စစ်ကောင်စီဒုကာချုပ်၏ညွှန်ကြားမှုဖြင့် ထိုင်းကုန်စည်များအား ဈေးကွက်များအထိ ဖမ်းဆီးနေမှုကြောင့် မြန်မာနိုင်ငံတောင်းပိုင်းတွင် အဓိကအသုံးပြုနေရသော ထိုင်းကုန်ပစ္စည်းများ စတင်ပြတ်လပ်လာကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံဝင်ငွေခွန်ထိခိုက်သလို လက်နက်ကိုင်အဖွဲ့များ သက်ဆိုးရှည်စေမည်ဖြစ်သဖြင့် ထိထိရောက်ရောက်တိုက်ဖျက်ရန်နှင့် နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်က တားဆီးခြင်းအပြင် ပြည်တွင်းသိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ထိရောက်စွာအရေးယူနိုင်ရေးဆက်လက်ဆောင်ရွက်ရန် ၎င်းက ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
မော်လမြိုင်၊ ရတနာထွန်းပွဲရုံတန်း ဆိုင်ရှင်တစ်ဦးက “စျေးကြို ရတနာထွန်းပွဲရုံတန်းကို အင်အားအများအပြားနဲ့ ပစ္စည်းတွေ ဝင်ဖမ်းတာ။ ထိုင်းပစ္စည်းတွေချည်းပဲ။ ကုန်ကား ကားနှစ်စီးတိုက် ပါသွားတယ်။ ပွဲရုံထဲ ဂိုဒေါင်ထဲ ဆိုင်တွေထဲက ထိုင်းပစ္စည်းတွေ အကုန်လုံးပါသွားတာ။ ကားနဲ့ တင်ယူသွားတယ်” ဟု ဆိုသည်။
အောက်တိုဘာလ ၁၄ ရက်နေ့က မော်လမြိုင်၊ စျေးကြို ၊ ရတနာထွန်းပွဲရုံတန်းတွင် စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှုတားဆီးရေးအဖွဲ့က ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို လိုက်လံ စစ်ဆေးပြီး သွင်းကုန်လိုင်စင်နှင့်ခွင့်ပြုချက် မပြနိုင်သော ပြည်ပထုတ်ကုန်ပစ္စည်းများအားလုံးကို ကုန်ကား ၂ စီးဖြင့် သိမ်းဆည်း ဖမ်းဆီးသွားခြင်း ဖြစ်သည်။
မော်လမြိုင်မှ မွန်ကုန်သည်တစ်ဦးက “မွန်အပါအဝင် တောင်းပိုင်းဒေသအတော်များများက ထိုင်းကုန်စည်တွေပဲ အဓိကအားထားနေရတာ၊ တိုင်းပြည်ရဲ့ လုံခြုံရေးနဲ့ နိုင်ငံရေးအခြေအရ တရားဝင်ကုန်သွယ်မှုက ခက်ခဲနေမှာပဲလေ၊ အဓိက နစ်နာကြတာက ပြည်သူတွေပဲ၊ အဲ့လိုမဖြစ်စေချင်ရင် အဲ့ဒါနဲ့တန်းတူ ပြည်သူတွေအတွက် အဆင်ပြေမယ့်နည်းလမ်းတွေကို လုပ်ပေးရမှာလေ၊ ရေလမ်းကဆိုလည်း ခက်ခဲမှုတွေ၊ ကြန့်ကြာမှုတွေ၊ လာဘ်လာဘကိစ္စတွေနဲ့က ကုန်စည်စီးဆင်းမှုနှေးကွေးတယ်၊ အမိန့်နဲ့လုပ်တာထက် ကုန်သည်တွေနဲ့ဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးလုပ်သင့်တယ်” ဟု ပြောကြားသည်။
လက်ရှိအောက်တိုဘာ ဒုတိယပတ်မှစတင်ကာ စစ်ကောင်စီထိန်းချုပ်မှုကင်းမဲ့နေသည့် နယ်စပ်ဒေသများနှင့် လုံခြုံရေးအားနည်းနေသည့်ဂိတ်များ၊ တံတားများမှအပ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့အပါအဝင် အဖွဲ့စုံစစ်ဆေးနေသည့် မွန်ပြည်နယ်၊ မရမ်းချောင်စခန်းနှင့် ပဲခူးတိုင်း၊ ညောင်ခါးရှည်ဂိတ်တို့တွင် ဆက်တိုက်ဖမ်းဆီးမှနေပြီး မော်လမြိုင်မြို့တွင်လည်း ပွဲရုံနှင့် ကုန်စည်ဖြန့်ချိရေးနေရာများတွင်ပါ ဆက်တိုက်စစ်ဆေးလာနေကြောင်း ကုန်သည်များက ပြောကြားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ တရားမဝင် တင်သွင်း/တင်ပို့မှုများ တွေ့ရှိပါက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့များထံသို့ လျှို့ဝှက်လုံခြုံ စွာ သတင်းပေးတိုင်ကြားနိုင်ကြောင်း၊ တရားမဝင် တင်သွင်း/တင်ပို့မှုများနှင့်ပတ်သက်၍ တားဆီးဖမ်းဆီးပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း (သို့) လေလံတင်ရောင်းချခြင်းမှ ရရှိငွေ၏ ၃ဝ ရာခိုင်နှုန်းအား ဖမ်းဆီးသူများအားလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများ အားလည်းကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာ စာအမှတ် (၇ဝ/၂ဝ၂ဝ) လုပ်ထုံး လုပ်နည်းနှင့်အညီ ဆုငွေချီးမြှင့်လျက်ရှိကြောင်း ၎င်းတို့၏ထုတ်ပြန်ချက်အရ သိရသည်။
Photo- ထိုင်းကုန်ပစ္စည်းများ ဖမ်းဆီးနေပုံ။