ကျိုက်ထိုမြို့နယ် ၊ သိမ်ဇရပ်မြို့ အမှတ် (၅) ရက်ကွက်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အဖိုးအဘွားနှစ်ဦးနှင့် မြေးဖြစ်သူတစ်ဦးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၂) ရက်နေ့ မွန်းလွဲ (၂) နာရီအခွဲအချိန်ခန့်က သိမ်ဇရပ်မြို့အခြေစိုက် ခမရ – ၂၀၇ တပ်ရင်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် (၂) လုံးမှာ သိမ်ဇရပ်မြို့၊ အမှတ် (၅) ရပ်ကွက်၊ (၄) လမ်းအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိမ်ဇရပ်မြို့ခံတစ်ဦးက ပြောကြားသည်။
“လက်နက်ကြီးကျတဲ့ နေအိမ်မှာက အသက် (၇၆) နှစ်အရွယ် ဦးသန်းမောင် နဲ့ အသက် (၆၇) နှစ်အရွယ် ဒေါ်ဌေးဌေး တို့လင်မယားနှစ်ဦးနဲ့ မြေးဖြစ်သူ အသက် (၁၂) နှစ်အရွယ် မမိုးသဉ္ဇာဟိန်း တို့နေထိုင်ကြတာပါ” ဟု ၎င်းမြို့ခံက ဆက်လက်ပြောကြားသည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဦးသန်းမောင် နှင့် ဒေါ်ဌေးဌေး တို့လင်မယားနှစ်ဦးတွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ကာ၊ မြေးဖြစ်သူ မမိုးသဉ္ဇာဟိန်း တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး သိမ်ဇရပ်မြို့ဆေးရုံတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်း ၎င်းမြို့ခံက ဆိုသည်။
ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မွန်ပြည်နယ်အတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှု (၆၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး (၂၆) ဦးထက်မနည်းသေဆုံးခဲ့ကာ၊ (၁၀၆) ဦးထက်မနည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ကောင်းဝါမှ ပြုစုထားသည်။
ထို့အပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်း (၂) ကျောင်း၊ စာသင်ကျောင်း (၃) ဆောင် နှင့် လူနေအိမ် (၁၃၀) ကျော် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။