မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုက်ပွဲများချက်ချင်းရပ်ပြီး အားလုံးပါဝင်သည့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများလုပ်ဆောင်သွားရန် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံခေါင်းဆောင်များက တောင်းဆိုလိုက်သည်။
အာဆီယံအသင်းဝင် (၁၀) နိုင်ငံအပြင် အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယား သံတမန်များ တက်ရောက်ခဲ့ကြသည့် လာအိုနိုင်ငံက အစည်းအဝေးများ ပြီးဆုံးသွားပြီးနောက် အောက်တိုဘာ (၁၃) ရက်က ထုတ်ပြန်သော အာဆီယံဥက္ကဋ္ဌ၏ ကြေညာချက်တွင် မြန်မာ့အရေးကို ယင်းကဲ့သို့ ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။
နိုင်ငံလူဦးရေ၏ ၃ ပုံ ၁ ပုံကျော် လူပေါင်း ၁၈.၆ သန်းခန့် စာနာမှုအကူအညီများလိုအပ်နေသဖြင့် သွေးထွက်သံယို ပဋိပက္ခများ ချက်ခြင်းရပ်ပြီး လူသားချင်းစာနာမှု အကူအညီပေးနိုင်မည့် အခြေအနေများကို ဖန်တီးရန်နှင့် မြန်မာနိုင်ငံသားများ ကိုယ်တိုင်ဦးဆောင်ပြီး တနိုင်ငံလုံး အတိုင်းအတာဆောင်သော ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်သွားရန် အာဆီယံက တောင်းဆိုခဲ့သည်။
ထို့ပြင် မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတရပ်ကို ယခုနှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံက ကမကထ ပြုလုပ် ကျင်းပမည့် အစီအစဉ်ကိုလည်း အာဆီယံက ကြိုဆိုခဲ့ကြောင်း ဖော်ပြသည်။
သို့ရာတွင် မြန်မာ့အရေး ဖြေရှင်းသွားရန် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ခဲ့သော်လည်း လက်တွေ့မှာ အကောင်အထည် မဖော်နိုင်ဘဲ ပျက်ကွက်မှုအတွက် စစ်ကောင်စီ တာဝန်ရှိသူများကို အာဆီယံ အဆင့်မြင့်အစည်းအဝေးများ တက်ရောက်ခွင့် ကန့်သတ်ထားကြောင်း သိရသည်။
ထို့အတူ လာမည့် ၂၀၂၅ ခုနှစ်တွင် အာဆီယံဥက္ကဌ ဖြစ်လာမည့် မလေးရှားနိုင်ငံကလည်း မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးနှင့် ပတ်သက်ပြီး မလေးရှားနိုင်ငံအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများအား ထိတွေ့ဆက်ဆံမှု တိုးမြှင့်လုပ်ဆောင် သွားမည် ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က လာအို၌ ကျင်းပသည့် အာဆီယံထိပ်သီး အစည်းဝေးနှင့် ဆက်စပ်အစည်းဝေးများအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Photo-အာဆီယံအစည်းအဝေး ၂၀၂၄။ https://asean.org/chairmans-statement-of-the-14th-asean-united-nations-summit/