စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းမှ အသင်း ဥက္ကဌအပါအဝင် (၃) ဦးအား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံရကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။
အသင်းဥက္ကဌဖြစ်သူ ဦးရဲမင်းထိုက်၊ အသင်းသားများဖြစ်ကြသည့် ကိုဝင်းကြည်နှင့် ကိုတူး တို့ (၃) ဦးအား သံဖြူဇရပ်မြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ – ၅၀ ည အရ အမှုဖွင့်ထားကြောင်း၊ ၎င်းတို့ (၃) ဦးအား စစ်ကောင်စီတပ်၏ ဝဲကလိတပ်နယ်စစ်ကြောရေးမှ သံဖြူဇရပ်မြို့မရဲစခန်းသို့ ပြောင်းလဲချုပ်နှောင်ထားပြီး အမှုရင်ဆိုင်နေရကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
“သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တွေ့ခွင့်၊ စကားပြောခွင့်ရကြတယ်လို့ သိရပါတယ်။ အဓိကက PDF တွေကို ထောက်ပို့လုပ်တယ်ဆိုပြီးတော့ အမှုဖွင့်ခံရတာပါ။ သူတို့ကို ဖမ်းထားတာက ရက်ပေါင်း (၂၀) ကျော်သွားပြီး။ အောက်တိုဘာလ (၉) ရက်နေ့က အမှုဖွင့်ခံရတာလို့ သိရတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ ပိုင်ရှင်မဲ့ လူမှုကူညီကယ်ဆယ်ရေးအသင်း အနေဖြင့် PDF အဖွဲ့မျးထံ ငွေ နှင့် ဆန်များ ထောက်ပံ့လှူဒါန်းပေးခဲ့ခြင်းကြောင့် အမှုဖွင့်ခြင်းခံထားရခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၁၈) ရက်နေ့က သံဖြူဇရပ်မြို့၊ အောင်မင်္ဂလာရပ်ကွက်ရှိ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဌဖြစ်သူ ဦးရဲမင်းထိုက် နှင့်အတူ ကိုရဲနိုင်ဦး၊ ကိုဇော်ဝင်း အပါအဝင် အသင်းသား (၆) ဦး အား PDF အဖွဲ့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးသွားကြောင်း၊ စက်တင်ဘာလ (၂၁) ရက်နေ့ တွင်လည်း ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းမှ အသင်းဝင် (၃) ဦးအား စစ်ကောင်စီတပ်မှ ထပ်မံဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။
Photo- ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းကား။
လူ့အခွင့်အရေးသတင်း
သံဖြူဇရပ်မြို့
ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း
အကြမ်းဖက်မှုတိုက်ဖျက်ရေး
အမှုဖွင့်ခံရ
ဦးရဲမင်းထိုက်
ကိုဝင်းကြည်
ကိုတူး
သံဖြူဇရပ်မြို့မရဲစခန်း
ဝဲကလိတပ်နယ်စစ်ကြောရေး