ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးအား ရေးဘီလူးအဖွဲ့မှ ဖမ်းဆီးထားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ ၎င်းအသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာပေါ် ဖေါ်ပြထားချက်အရ သိရသည်။
ယမန်နေ့ အောက်တိုဘာလ (၁၂) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်ခန့် အဆိုပါ အောင်မင်္ဂလာရပ်ကွက်မှ ရာအိမ်မှူးဖြစ်သူ အသက် (၇၂) နှစ်အရွယ် ဦးလှသိန်း ဆိုသူအား ရေးမြို့နယ် ကျုံလောင်းရွာဟောင်း အနီးတွင် ဖမ်းဆီးမိခဲ့သည်။
“သူ့အချက်အလက်တွေ သူ့ကို တိုင်ကြားတဲ့ဟာမှတ်တမ်းတွေ ကျွန်တော်တို့ မှာရှိတယ်။ ကျွန်တော်တို့ ရဲ့ နယ်နိမိတ် အစစ်ဆေးလုပ်တဲ့ ဘက်ခြမ်းကို ရောက်ရှိလာတဲ့အတွက် သူ့ကို အလွယ်တကူ ဖမ်းဆီးမိခဲ့တယ်။ ကျွန်တော်တို့ ဘက်ကလည်း သတင်းကြိုရလို့ စောင့်ဖမ်းတာဖြစ်တယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်မှ ရေးသားထားသည်။
လတ်တလော ဦးလှသိန်း ဆိုသူအား စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း နှင့် ၎င်း၏အပြစ်အပေါ်မူတည်၍ ထိုက်သင့်သည့် အပြစ်ပေးအရေးယူမှုလုပ်ဆောင်သွားမည်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုထားသည်။
Photo- ဦးလှသိန်း (ရေးဘီလူး)