ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်း သန်းခေါင်စာရင်းလုံခြုံရေးအဖွဲ့ RPG အထုခံရပြီး သေဆုံးမှုများရှိခဲ့သည်။
ဘားအံမြို့နယ် သာမညကျေးရွာမြောက်ပိုင်းရှိ ဝင်းစိန်ဘုန်းကြီးကျောင်း မုခ်ဝအနီးတွင် အောက်တိုဘာလ (၁၀) ရက်နေ့ နံနက် (၇) နာရီအချိန်က သန်းခေါင်စာရင်းကောက်ခံနေသည့်အဖွဲ့ကို လုံခြုံရေးယူပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသော Hijet ကားမှာ RPG ဖြင့် အထုံခံခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးသေဆုံးကာ (၃) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ကားက RPG နဲ့ အနီးပစ်ခတ်ခံရလို့ စစ်သား (၃) ယောက်က ပွဲချင်းပြီးသေတယ်။ နောက်ထပ် (၃) ဦးကတော့ ဒဏ်ရာတွေရသွားတယ်” ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
ထိုသို့ သန်းခေါင်းစာရင်းကောက်ခံသည့်အဖွဲ့အား လုံခြုံရေးပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရပြီးနောက် နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား အများအပြားရောက်ရှိလာကာ ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေရာဝန်းကျင်အား စစ်ဆေးမှုများလုပ်ဆောင်ခဲ့ကြောင်း ၎င်းဒေသခံကဆိုသည်။
သို့ရာတွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ လုပ်ဆောင်ခဲ့သည်ကို မသိရသေးပေ။
ကရင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူသည့်လုပ်ငန်းများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များ၊ ပျူစောထီးအဖွဲ့များအပြင်၊ ကရင့်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် BGF နှင့် DKBA အဖွဲ့များကပါ လုံခြုံရေးယူပေးထားကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ တနသႅာရီတိုင်း သရက်ချောင်းမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ရန် ပြင်ဆင်နေသည့် ရန်တောင်ရွာအုပ်ချုပ်ရေးမှူး ဇနီးမောင်နှံ၊ မူလွန် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာမများအပါအဝင် ၉ ဦးကို အောက်တိုဘာ ၉ ရက်နေ့က ဖမ်းဆီးထားကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
တိုက်ပွဲ
ကရင်ပြည်နယ်
သန်းခေါင်စာရင်းကောက်ယူ
စစ်ကောင်စီတပ်ဖွဲ့ဝင်များ
ပြည်သူ့စစ်များ
ပျူစောထီးအဖွဲ့များ
ကရင့်လက်နက်ကိုင်အဖွဲ့များ
BGF
DKBA
လုံခြုံရေး