ရေးမြို့နယ်၌ ယခု၂ လအတွင်း တော်လှန်ရေးတပ်ဖွဲ့များကို ထောက်ပံ့သည့်စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရမှု မြင့်တက်လာကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များကို ထောက်ပံ့ခြင်း၊ ဆက်သွယ်ခြင်း၊ သတင်းပေးခြင်းများဆောင်ရွက်သည်ဟုဆိုကာ ဖမ်းဆီးစစ်ဆေးမှုပိုမိုများပြားလာပြီး စစ်ကောင်စီဘက်က အလျင်အမြန် တရားစွဲဆိုထောင်ချမှုများ ပြုလုပ်လာနေကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
“ပြီးခဲ့တဲ့လကဆို ၅ ယောက် ၂ ယောက်ကိုတော့ ထောင်နှစ်ရှည်ချလိုက်ပြီးပြီ၊ ခုလမှာလည်း ၆ ယောက်၊ ၂ ယောက်ကိုထော့ တရားစွဲပြီးတင်လိုက်ပြီ၊ သူတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ ဆိုင်တွေကိုလည်း ချိပ်ပိတ်လိုက်ပြီ၊ ပြောရမယ်ဆိုရင် ဝါကျွတ်ကာလ အဖမ်းဆီးပိုများလာတယ်၊ အရပ်ဘက်အုပ်ချုပ်ရေးကို မခေါ်ဘဲနဲ့ စစ်တပ်ကပဲ အိမ်တွေမှာဖမ်းပြီး တပ်ကိုပို့ပြီးစစ်ဆေးဖမ်းဆီးနေတာ ” ဟု မြို့ပေါ်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောကြားသည်။
စစ်အာဏာသိမ်းပြီးကတည်းက ရေးမြို့သည် မွန်ပြည်နယ်အတွင်း မာရှယ်လောအထုတ်ခံရသော တစ်ခုတည်သောမြို့ဖြစ်သည်။
မြို့ပေါ်အတွင်း ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များမပါရှိဘဲ ညစဥ်စာရင်းစစ်ဆေးမှုများဆောင်ရွက်နေပြီး ဖမ်းဆီးရမိသည့် သူများထံကရရှိသည့်အချက်အလက်များအပေါ်မူတည်ကာ အသက် ၂၀ ကျော်အရွယ် လူငယ်အမျိုးသားနှင့် အမျိုးသမီးများအား ထပ်မံဖမ်းဆီးစစ်ဆေးမှုများဆောင်ရွက်နေခြင်းဖြစ်ကြောင်း မြို့ခံများ၏ပြောကြားချက်အရ သိရသည်။
စစ်အာဏာသိမ်းကာလအတွင် မွန်ပြည်နယ်တဝန်း စစ်ကောင်စီဖမ်းဆီးခြင်းခံရသူ တစ်ထောင်ကျော်ရှိနေပြီး ၂၀၂၄ ခုနှစ်တွင် လူ့အခွင့်အရေးချိုဖောက်ခံရမှု ပိုမိုများပြားလာကြောင်း သတင်းမှတ်တမ်းများက ဖော်ပြသည်။