ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ်၊ မောင်ခရိုင် Muang District, Ban Nuea ကျေးရွာ ရွှေဆိုင်တစ်ဆိုင်မှ ရွှေနှစ်ကျပ်သားဆွဲကြိုး လူယူထွက်ပြေးခဲ့သည့် မြန်မာနိုင်ငံသားတစ်ဦးအား နာရီပိုင်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။
ယမန်နေ့ အောက်တိုဘာလ (၈) ရက်နေ့ နံနက် (၈) နာရီအချိန်ခန့်က အဆိုပါ ရွှေဆိုင်တစ်ဆိုင်အတွင်းသို့ မြန်မာနိုင်ငံသားတစ်ဦး ဝင်ရောက်လာကာ ရွှေဝယ်ယူရန် ဟန်ဆောင်ကာ ရွှေနှစ်ကျပ်သားဆွဲကြိုးအား လုယူထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ယင်းဖြစ်စဥ်ကို ရွှေဆိုင်ပိုင်ရှင်မှ ကန်ချနပူရီရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ရာ ရဲတပ်ဖွဲ့မှ အခင်းဖြစ်ပွားခဲ့ရာ ရွှေဆိုင်သို့ ချက်ချင်းလာရောက်စစ်ဆေးခဲ့ပြီးနောက် ရွှေဆွဲကြိုးလုယူထွက်ပြေးသွားသူ၏ လမ်းကြောင်းအားခြေရာခံ၍ လိုက်ခံဖမ်းဆီးခဲ့ရာ နာရီပိုင်းအတွင်း ပြန်လည်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
၎င်းအားစစ်ဆေးချက်များအရ ရွှေနှစ်ကျပ်သားဆွဲကြိုးအား လုယူထွက်ပြေးသွားသူမှာ အသက် (၂၅) နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား စိုးနိုင် ဆိုသူဖြစ်ကြောင်း၊ ၎င်းအား သက်ဆိုင်ရာနယ်မြေရဲစခန်းတွင် လုယက်မှုဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“လုယက်မှုကျူးလွန်သူက သူ့ရဲ့ချစ်သူကို လက်ဆောင်ပေးဖို့အတွက်ဆိုပြီး ရွှေနှစ်ကျပ်သားဆွဲကြိုးကို လုယက်ထွက်ပြေးတာလို့ ထွက်ဆိုချက်ပေးထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်သော မူဝါဒများကိုပြုပြင်သွားရန် ထိုင်းနိုင်ငံသားတချို့က အစိုးရကိုဆန္ဒပြဖိအားပေးမှုရှိလာသလို ထိုင်းဥပဒေကို ချိုးဖောက်သော မြန်မာလုပ်သားများ ဖမ်းဆီးခံရမှုကလည်း သိသိသာသာမြင့်တက်လာနေကြောင်း သတင်းများက ဖော်ပြသည်။
Photo- မြန်မာတစ်ဦး ရွှေဆိုင်အတွင်း လုယက်နေစဥ်(Khaosod)