မုဒုံမြို့နယ်တွင် ပူးပေါင်းလုံခြုံရေးအဖွဲ့မှ လှည့်ကင်းဆောင်ရွက်နေစဉ် ဘုရားသုံးဆူနယ်စပ်သို့ သွားရောက်မည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသားတစ်ဦးအား ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးမိထားကြောင်း သိရသည်။
အဆိုပါဖမ်းဆီးမိသည့်တရုတ်နိုင်ငံသားမှာ LI NING၊ အသက် ၂၇ နှစ်၊ (ဘ)လီကျားထုံ၊ ယိလင်မြို့၊ ကွမ်ရှီးပြည်နယ်မှ လာရောက်သူ ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
၄င်းက “ဘုရားသုံးဆူနယ်စပ်ကို သွားဖို့ သူတို့အဖွဲ့က အိမ်တစ်အိမ်မှာ မော်တော်ကားစောင့်နေတာ၊ အပြင်ထွက်ပြီး လမ်းလျှောက်ထွက်လာရင်း တည်းနေတဲ့အိမ်ကို ပြန်မတတ်တော့ဘဲ ရဲလှည့်ကင်းအဖွဲ့နဲ့ သွားတိုးတာဘဲ” ဟု ဆိုသည်။
ဘုရားသုံးဆူနယ်စပ်သို့ သွားရောက်ရန် မော်တော်ကား စောင့်ဆိုင်းနေစဥ် ကျောက်တစ်လုံးကျေးရွာအုပ်စု၊ မုဒုံ-ကျိုက်မရောသွားကားလမ်းဝတွင် လုံခြုံရေးအဖွဲ့ များ လှည့်ကင်းဆောင်ရွက်နေစဉ် စစ်ဆေးမေးမြန်းရာမှ မြန်မာစကားမပြောတတ်သော တရုတ်နိုင်ငံသားတစ်ဦးဖြစ်ကြောင်း သိရသည်။
အလားတူ ရခိုင်-ဘဂႅလားဒေ့ရှ် နယ်စပ်မှ အထောက်အထားမဲ့ ရိုဟင်ဂျာများသည်လည်း ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်ရှိ ပင်လယ်ကမ်းခြေရွာများသို့ စက်လှေဖြင့် ဆိုက်ရောက်ရှိလာပြီး ထိုင်းနယ်စပ်ဘက်သို့ ပွဲစားများက မော်တော်ကားဖြင့် တင်ဆောင်သွားကြောင်း သိရသည်။
Photo- တရုတ်နိုင်ငံသား LI NING