မွန်ပြည်နယ်တဝန်း ၂၀၂၄ သန်းခေါင်စာရင်း ကောက်ယူရာတွင် ရပ်ကျေးများအတွင်း လုံခြုံရေးစိတ်မချရသဖြင့် အမြန်ပြီးစီးအောင် အဖြစ်သဘောလောက်သာ ကောက်ယူသွားကြောင်း ဆက်သွယ်မေးမြန်းချက်များအရ သိရသည်။
စာရင်းကောက်များအနေဖြင့် သန်းခေါင်စာရင်းကောက်ယူရာတွင် အချက်ပေါင်း (၆၂)ချက်ကျော်ခန့်ရှိသည့် မေးခွန်းများမေးမြန်းရပြီး မသိရှိသည့်အချက်များကို နံပါတ် (၉၉) ထည့်သွင်းရကြောင်း၊ အချိန်မီပြီးစီးရေးအတွက် အလျင်အမြန် ကောက်ယူနေရကြောင်း၊ စစ်ကောင်စီအနေဖြင့် အချက်အလက်မှန်ကန်ရေးထက် သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီးရေးကိုသာ အဓိကထားတိုက်တွန်းနေကြောင်း စာရင်းကောက်သူ တစ်ဦးက ပြောသည်။
၄င်းက “တစ်လမ်းတစ်လမ်းဆို ခဏလေးပဲ၊ သူတို့က သတ်မှတ်ရက်အတွင်း ဘာပြဿနာမှ မဖြစ်ဘဲနဲ့ ပြီးသွားစေချင်တော့ ခပ်သုတ်သုတ်ပဲ ကောက်ကြတယ်၊ ဝန်ထမ်းလေးတွေက သူတို့လည်း အိမ်အပြန် လုံခြုံရေးခက်ခဲကြတော့ ကြိုးစားပြီးမြန်မြန်ပဲ လုပ်ကြတယ်၊ အများစုက မေးလို့ဖြေကြားကြရပေမယ့် အရင်တစ်ခေါက်ကောက်တုန်းကလိုတော့ တက်ကြွမှုလည်းမရှိဘူး၊ အဖြစ်သဘောပဲ ပြီးပြီးရော ပြောလိုက်ကြတာများပါတယ် ” ဟု ပြောကြားသည်။
ထို့အတူ မာရှယ်လောထုတ်ခံထားရသော ရေးမြို့နယ်အတွင်း လူဦးရေနှင့်သန်းခေါင်စာရင်ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက်များအပါအဝင် လိုက်ပါသည့် အရပ်ဘက်အရာထမ်း၊ အမှုထမ်းများ လုံခြုံရေးအပြည့်အဝမရရှိကြောင်း သိရသည်။
စကစတာဝန်ရှိသူများက လုံခြုံရေးအာမခံချက်အပြည့်အဝပေးကာ နေ့စဉ်အင်အား တစ်ရာခန့် လိုက်ပါလုံခြုံရေးဆောင်ရွက်ပေးနေသော်လည်း တာဝန်ပြီးဆုံးချိန်တွင် လိုက်ပါစောင့်ရှောက်မှုမရှိတော့ကြောင်း ဒေသခံဝန်ထမ်းများက ပြောကြားသည်။
“မနက်ဆို စုရပ်မှာစုကြတယ်၊ ဘယ်ကိုသွားမလဲဆိုတာ အတိအကျမသိရဘူး၊ အရင်ကကန့်သွင်းပြီး လုပ်မယ်ပြောပေမယ့် ခုဟာက မိမိအစီအစဉ်နဲ့လာ၊ မိမိအစီအစဉ်နဲ့ပြန် ဖြစ်သွာတော့ ရပ်ဝေးကဝန်ထမ်း၊ အိမ်အလှမ်းဝေးက လာရတဲ့ဝန်ထမ်း၊ မာရှယ်လောလဲ ထုတ်ထားတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ည ၇ နာရီလောက်မှ ပြန်ရောက်ကြတာ၊ လုံခြုံရေးက လိုက်မပေးတော့ဘူး၊ အဲ့ဒီအတွက် နောက်ပိုင်းရက်တွေက စိုးရိမ်စရာဖြစ်လာတယ်၊ မစခင်က လုံခြုံရေးအာမခံချက် အပြည့်အပေးမယ်ဆိုပြီး ပြောထာတော့လေ လုပ်ပေးစေချင်ပါတယ် ” ဟု ရေးခရိုင် အရာထမ်းဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ရေးခရိုင်တစ်ခုလုံးအနေဖြင့် လုံခြုံရေးအခြေအနေအရ ၆၀ ရာခိုင်နှုန်းကျော်ခန့်သာ ကောက်ယူနိုင်မည်ဟု ခန့်မှန်းထားပြီး တော်လှန်ရေးအဖွဲ့အစည်းများက သန်းခေါင်စာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်သူများကို အရေးယူမှုပြုလုပ်သွားမည်ဟု ပြောဆိုထားသည်။
Photo-သန်းခေါင်စာရင်းကောက်ယူနေပုံ