ထိုင်းမြန်မာနယ်စပ် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဘုရားသုံးဆူဒေသ ဗလဲဒွန်းဖိုက်စခန်းအခြေစိုက် မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA အမှတ် (၅) တပ်ရင်းက မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) NMSP(AD) ထံ ဝင်ရောက်ပူးပေါင်းသွားကြောင်း သိရသည်။
အမှတ် (၅) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဗွတ်မွန် ဦးစီးသော တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဌာနအဖွဲ့ဝင် တချို့တို့က အောက်တိုဘာ (၆) ရက်နေ့တွင် လာရောက်ပူးပေါင်းခဲ့ကြောင်း NMSP (AD) ထိပ်ပိုင်းခေါင်း ဆောင်တစ်ဦးက အတည်ပြုပြောကြားသည်။
၄င်းက “မွန်ပြည်သစ်ပါတီက သူတို့မအလနဲ့ ဆက်ပေါင်းနေရင် ကျနော်တို့ဆီကို အခုလိုလာပြီး ပူးပေါင်းနေကြမှာပါပဲ၊ အများစုက ကျနော်တို့ဘက်ကို ဝင်လာဖို့ရှိတယ်၊ မလာဖို့ မနည်းတားထားရတယ်” ဟု ပြောသည်။
ထို့အတူ အမှတ်(၅) တပ်ရင်းထိန်းချုပ်မှုအောက်ရှိ ဘုရားသုံးဆူဒေသ ဂျပန်ရေတွင်း၊ ဗလဲ့ဒွန်းဖိုက်၊ ဟလော့ဟနီစခန်းနှင့် တားဒိန်စခန်းတို့မှာ NMSP (AD) ထိန်းချုပ်မှုအောက်သို့ အလိုလိုရောက်ရှိသွားကြောင်း တွေ့ရသည်။
ဘုရားသုံးဆူ အုပ်ချုပ်ရေးဌာနတာဝန်ရှိပုဂ္ဂိုလ်က မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်သို့ ဗဟိုကော်မတီအစည်းအဝေး သွားရောက်တက်နေသည့်အချိန်တွင် အမှတ်(၅) တပ်ရင်းမှူးက အာဏာသိမ်းလိုက်သည့်သဘော ဖြစ်ခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ယင်းကိစ္စအပေါ် မွန်ပြည်သစ်ပါတီဗဟိုမှ လက်ခံနိုင်ခြင်းမရှိသလို လိုက်လံညှိနှိုင်းနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း မွန်ပြည်သစ်ပါတီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
Photo- အမှတ် (၅) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်ဗွတ်မွန် (၄င်း၏ Facebook)
နိုင်ငံရေး
မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်
MNLA
အမှတ် (၅) တပ်ရင်း
NMSP(AD)
ဝင်ရောက်ပူးပေါင်း