မူးယစ်ဆေးဝါးကိစ္စတွင် အဝေအစားမတည့်သဖြင့် လာရောက်စောင့်ဆိုင်းနေသည့် မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦးအား မွန်ငြိမ်းချမ်းကာကွယ်ရေး(အိုက်ချယ်)အဖွဲ့ဝင် တစ်ဦးက သေနတ်နှင့်ပစ်ခတ်မှု အောက်တိုဘာလ ၇ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။
လက်နက်နှင့် ငြိမ်းချမ်းရေးလဲလှယ်ရေးထားသော မွန်ငြိမ်းချမ်းကာကွယ်ရေး (အိုက်ချယ်) အဖွဲ့ မှ စီးပွားရေးတာဝန်ခံဖြစ်သူ နိုင်မင်းမင်းဇော် ဆိုသူနှင့် မော်လမြိုင်ခရိုင် ဒုစရိုက်နှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲဒုတပ်ကြပ် ထက်ဝေအောင်တို့ မူးယစ်ဆေးဝါးကိစ္စနှင့်ပတ်သက်၍ အဝေအစားမတည့်၍ စကားများအငြင်းခုံဖြစ်ခဲ့ကြကြောင်း ဖြစ်စဥ်ကို ကြားသိခဲ့ရသူ သီရိမြိုင်ရပ်ကွက်သားအချို့က ပြောသည်။
ထိုနောက် ပြန်လည်ချိန်းဆိုထားသည့်အတိုင်း ရဲတပ်ကြပ်ထက်ဝေအောင်သည် အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် သီရိမြိုင်ရပ်ကွက် ၁၄ လမ်း ပန်းခြံဘုန်းကြီးကျောင်းရှေ့၌ စောင့်ဆိုင်းနေကြောင်း၊ တချိန်တည်းမှာပင် နိုင်မင်းမင်းဇော်၏ တပည့်ဖြစ်သူ မွန်ငြိမ်းချမ်းကာကွယ်ရေး(အိုက်ချယ်)အဖွဲ့မှ ကျော်ကြီးဆိုသူမှာ ဘုန်းကြီးကျောင်းမှ ထွက်လာပြီး ရဲတပ်ကြပ်ထက်ဝေအောင်၏ ဝဲဘက်ရင်အုံအား သေနတ်ဖြင့်ပစ်ခတ်သဖြင့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။
ထို့အတူ နိုင်မင်းမင်းဇော် တို့နှစ်ဦးမှာ နံ့သာရောင် Honda Fit ကားတစ်စီးဖြင့် သီရီမြိုင်ရပ်ကွက် (၁၈) လမ်းဘက်မှ ထွက်ပြေးတိမ်းရှောင်သွားရာ အခင်းဖြစ်ရာနေရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး အဆိုပါ နေအိမ်ခြံဝင်းအတွင်းမှ ပစ္စတို ကျည်ခွံ လေးခု၊ ပစ္စတိုကျည် အကောင်းတစ်ခု၊ M 16 ကျည်ခွံ တစ်ခု၊ စုစုပေါင်းကျည် ခြောက်တောင့်တို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူမှ ပြစ်မှုကျူးလွန်သူအား ယခုအခါ သက်ဆိုင်ရာသို့ အပ်နှံထားရှိပြီး စစ်ကောင်စီအကြီးအကဲများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း နီးစပ်သူများထံမှ သိရသည်။
မှတ်ချက်။ ။ မော်လမြိုင်မြို့ပေါ်အတွင်း ပစ်ခတ်မှုဖြစ်ပွား၍ ရဲတပ်ကြပ်တစ်ဦး သေနတ်ထိမှန် အောက်တိုဘာ(၇) ရက်နေ့သတင်းအား အချက်အလက်မှားယွင်းနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် တဖန်ပြင်ဆင်ရေးသားခြင်း ဖြစ်သည်။
Photo- မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့(အိုက်ချယ်)မှ ကျော်ကြီး။
လုပ်ကြံသတ်ဖြတ်မှု
မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်
အဝေအစားမတည့်
စီးပွားရေးတာဝန်ခံ