ပေါင်မြို့နယ် သဲကုန်းကျေးရွာတွင် ယမန်နေ့ မွန်းတည်ချိန်ခန့်က အမျိုးသား (၄) ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများမှာ အသက် (၂၅) နှစ်မှ (၆၀) နှစ်ကြား အမျိုးသား (၄) ဦးဖြစ်ကြောင်း၊ သဲကုန်းကျေးရွာအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များရောက်ရှိနေကြောင်းသတင်းအရ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်အင်အားအလုံးအရင်းဖြင့် သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
“သဲကုန်းကျေးရွာက နေအိမ်တစ်လုံးမှာ PDF တွေရောက်နေတဲ့သတင်းအရ စစ်တပ်ရော၊ ရဲတပ်ဖွဲ့အင်အား အလုံးအရင်းသွားဖမ်းတာ အမျိုးသား (၄) ဦးနဲ့အတူ လက်နက်ခဲယမ်းတွေနဲ့ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အဆိုပါ အမျိုးသား (၄) ဦးနှင့်အတူ ၎င်းနေအိမ်အတွင်းမှ M – 16 သေနတ် (၂) လက်၊ ကျည်အိမ် (၂) ခု၊ ၅.၅၆ ကျည် (၄၀) တောင့်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း နှင့် ၎င်းတို့အား စစ်ကြောရေးလုပ်ဆောင်နေသည်ဟု သိရကြောင်း ၎င်းကဆိုသည်။
အလားတူ ပြီးခဲ့သည့် စက်တင်ဘာလ (၂) ရက်နေ့ ညပိုင်းကလည်း ပေါင်မြို့နယ် သဗြုချောင်ကျေးရွာရှိ ဈေးပိုင်းအတွင်း စုဖွဲ့ကာ စကားပြောနေကြသည့် ဒေသခံလူငယ်များကို PDF ဟု စွပ်စွဲကာ စစ်တပ်နှင့် ရဲတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့သော်လည်း ၎င်းတို့မှ သာမန်အရပ်သားများသာ ဖြစ်ကြသည့်အတွက်ကြောင့် ပြန်လွှတ်ပေးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
Photo-ဖမ်းဆီးမိသူ ၄ ဦးနှင့် လက်နက်များ