မြဝတီ – ကော့ကရိတ် အာရှလမ်းသစ်ပြန်လည်ဖွင့်လှစ်ရေး ကရင်အမျိုးသားအစည်းအရုံး (KNU) မှ သဘောမတူဘဲ ကန့်ကွက်ထားကြောင်း KNU နှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ (၂၄) ရက်နေ့က ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ KNU တပ်မဟာ (၆) မှ ခေါင်းဆောင်များ၊ ကရင်နယ်ခြားစောင့်တပ် (BGF) မှခေါင်းဆောင်များ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA – (PC) တို့မှခေါင်းဆောင်များတက်ရောက်ခဲ့ကြသည့် ပုံမှန်ပြုလုပ်မြဲဖြစ်သော အစည်းအဝေးတွင် အဆိုပါ မြဝတီ – ကော့ကရိတ် အာရှလမ်းသစ်ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် KNU က ကန့်ကွက်ခဲ့သည်ဟု ဆိုသည်။
KNU နှင့် နီးစပ်သူတစ်ဦးက “ကရင့်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးပွဲမှာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရတယ်။ အဓိကက မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်ကို ပြန်ဖွင့်မယ်၊ မဖွင့်ဘူးဆိုတဲ့ကိစ္စနဲ့ ပတ်သက်လို့ KNU က ကန့်ကွက်ထားတယ်လို့ သိရတယ်။ အသေးစိတ် အခြေအနေတော့မသိရသေးဘူး” ဟု ပြောသည်။
မြန်မာ – ထိုင်း နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် အဆိုပါ မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်အား ပြန်လည်ဖွင့်လှစ်နိုင်ရန်နိုင်အတွက် ထိုင်းနိုင်ငံဘက်က ဆန္ဒရှိနေကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။
မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်အား ပြန်လည်ပြင်ဆင်နိုင်ရန်အတွက် မြန်မာနှင့်ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း ထိုင်းနိုင်ငံရေးဝန်ကြီး မာရစ် ဆမ်ဂျီယမ်ပွန်ဆာ (Maris Sangiampongsa) ကလည်း ပြီးခဲ့သည့် စက်တင်ဘာလ (၁၉) ရက်နေ့က ပြောဆိုထားကြောင်း ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖေါ်ပြသည်။
အာရှအဝေးပြေးလမ်းလမ်းမ (AH – 1) ၏ အစိတ်အပိုင်းတွင်ပါဝင်နေသည့် အဆိုပါ မြဝတီ – ကော့ကရိတ်အာရှလမ်းသစ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီမှုများရှိခဲ့သည့် နေရာများအား ပြန်လည်ပြင်ဆင်တည်ဆောက်နိုင်ရန်အတွက် အာဆီယံနိုင်ငံများ နှင့် အိန္ဒိယနိုင်ငံ၏ ထောက်ခံမှုကိုလည်းရရှိထားကြောင်း မာရစ် ဆမ်ဂျီယမ်ပွန်ဆာ က ပြောဆိုထားသည်။
ထိုကြောင့်လည်း မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများအတွင်း ပါဝင်နေသော အဖွဲ့အစည်းများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ထိုင်းအစိုးရဘက်က ဆန္ဒရှိနေကြောင်းလည်း ၎င်းကဆိုသည်။
ထို့အပြင် ယင်း ကရင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးမှုများမလုပ်ဆောင်မီရက်ပိုင်းက ထိုင်းနိုင်ငံမှ ကုန်သည်ကြီးများနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) မှတာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ခဲ့သေးကြောင်းလည်း ထိုင်းနိုင်ငံဘက်မှ လာသည့်သတင်းများအရ သိရသည်။
Photo- မြဝတီ-ကော့ကရိတ် အာရှလမ်းသစ်ပေါ်က ယခင်ဖြစ်စဥ်များ (ဓါတ်ပုံအဟောင်း)
စီးပွားရေး
အာရှလမ်းသစ်ပြန်လည်ဖွင့်လှစ်ရေး
ကန့်ကွက်ထား
KNU
ကရင်နယ်ခြားစောင့်တပ်
BGF